Main menu

Background

တောင်သူအကြိုက် စပါးနှံကောက်စိုက်

Wed, 02/02/2022 - 15:46 -- journal_editor

၂၀၂၁-၂၀၂၂ခုနှစ် နွေစပါးစိုက်ရာသီတွင် ပြည် ထောင်စုနယ်မြေရှိ  ဥတ္တရခရိုင် လေးမြို့ နယ်တွင် ၈၂၉၀ ဧက၊ ဒက္ခိဏခရိုင် လေးမြို့နယ်တွင် ၁၈၀၉၀  ဧက စိုက်ပျိုးရန် လျာ ထားသတ်မှတ်ထားပြီး ပြည်ထောင်စုနယ်မြေအတွင်း နွေစပါး စိုက်ဧက စုစုပေါင်း ၂၆၃၈၀ ဧက စိုက်ပျိုးရန် လျာထားသတ် မှတ်ထားသည်။ဆည်ရေပေးဝေနိုင်မှုနှင့် ရေရရှိမှုအပေါ်မူတည်၍ နွေ စပါး စိုက်ပျိုးနိုင်မည်ဖြစ်ပြီး ဆည်မြောင်းဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်  ဇန်နဝါရီ ၁၅ ရက်မှစတင်၍ ငလိုက်ဆည်ရေ သောက်ဧရိယာ ရေပေးနိုင်မှုရှိပြီး ဇန်နဝါရီလကုန်နှင့် ဖေဖော် ဝါရီလဆန်းပိုင်းတို့တွင် စိုက်ပျိုးရန်အတွက် တောင်သူများ အနေဖြင့် မြေယာပြင်ဆင်ခြင်း၊ ထွန်ယက်ခြင်းလုပ်ငန်းများ စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။နွေစပါးစိုက်တောင်သူများသည် အထွက်နှုန်း ကောင်း ပြီး တောင်သူတွက်ခြေကိုက်မည့် စပါးမျိုးဖြစ်သည့် သက်တမ်း ရက် (၁၀၅၊ ၁၁၀)သာရှိ၍ သွင်းအားစု သင့်တင့်မျှတရုံသာ သုံးပြီး ရေ၊ မိုး အဆင်ပြေလျှင် တစ်ဧက စပါးတင်း ၁၂၀ မှ ၁၅၀ အထိထွက်ရှိသည့် ထိုင်းနှံကောက်စပါးမျိုးကို ယခုအခါ ပိုမိုစိုက်ပျိုး ထုတ်လုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ယခင် နှစ် နွေစပါးစိုက်ပျိုးရာသီတွင် မနောသုခ၊ ပုလဲသွယ်၊ ရွှေတိုး၊ ရွှေသွယ်ရင်း၊ ထိုင်းကောက်၊ နယူးဧရာ စပါးမျိုးများ စိုက်ပျိုး ထုတ်လုပ်ခဲ့သော်လည်း သက်တမ်း ရက် ၁၂၀ နှင့်အထက် ကျော်လွန်ခြင်း၊ သွင်းအားစု ပိုမိုအသုံးပြုရခြင်း၊  ရာသီဥတုနှင့် အပူဒဏ်၊ ရေငတ်ဒဏ်ခံနိုင်မှု အားနည်းခြင်းကြောင့် ပိုးမွှား ရောဂါ ကျရောက်တတ်သဖြင့် ပုံမှန်အထွက်နှုန်း တစ်ဧက ၇၀မှ ၉၀ တင်းအထိထွက်ရှိသော်လည်း ၎င်းအောက် အထွက် နှုန်း လျော့နည်းနိုင်သဖြင့် ယခုအခါတွင် တောင်သူတွက်ခြေ ကိုက်သည့် စူပါနှံကောက် စပါးမျိုးများ အများဆုံး စိုက်ပျိုး ထုတ်လုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာ နွေစပါး   စိုက်ပျိုးထုတ်လုပ်သည့်   တောင်သူ ဦးစောမောင်က လေးဧက၊ ပြူတွင်းကျေးရွာ  ဦးဘိုနီက သုံးဧကနှင့် သရက် ကုန်းကျေးရွာ တောင်သူ ဦးကုလားက ရှစ်ဧက စိုက်ပျိုးထားရှိ သည့် နွေစပါးစိုက် တောင်သူ များနှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင် ယခုနှစ် နွေစပါးရာသီမှာ စူပါနှံကောက် (သို့)ထိုင်းနှံကောက် စပါးမျိုးကို စိုက်ပျိုးထားကြောင်း၊ စပါးမျိုးများအား ရေဆင်း စိုက်ပျိုးရေးဌာနမှ ဝယ်ယူရရှိပြီး မျိုးတစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ နှင့် တစ်ဧက နှစ်တင်းနှုန်း ကြဲသားပက်စိုက်ပျိုးထား ခြင်း၊ ကြဲပက်ပြီး ငါးရက်မှ ၁၅ ရက်အတွင်း ပေါင်းသတ်ဆေး ဖျန်းခြင်း၊ ၄၅ ရက်သားအရွယ်မှစတင် မြေသြဇာပက်ဖျန်းခြင်း၊ ပိုးမွှားကာကွယ်ဆေး  ပက်ဖျန်းခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊   ထိုင်းနှံကောက်(သို့)စူပါ နှံကောက်ဆန်ကို ပြည်တွင်းစားသုံးမှုတွင်သာမက  တရုတ် ဈေးကွက် အဝယ်လိုက်ခြင်းတို့ကြောင့် ရွေးချယ်စိုက်ပျိုးရ ကြောင်း၊ အခြားစပါး မျိုးများဖြစ်သည့် မနောသုခ၊ ပုလဲသွယ်၊ ရွှေတိုး၊ ရွှေသွယ်ရင်းများ စိုက်ပျိုးရာတွင် အထွက်နှုန်း တင်း ၈၀/၉၀ ဝန်းကျင်တွင်သာရှိပြီး သွင်းအားစု ပိုမိုသုံးစွဲရခြင်းတို့ ကြောင့် အထွက်ကောင်းသည့် ထိုင်းနှံကောက်(သို့)  စူပါနှံ ကောက်စပါးမျိုးများ ရွေးချယ်စိုက်ပျိုးထားကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
တောင်သူလယ်သမားများအနေဖြင့် နွေစပါးစိုက်ပျိုး ထုတ်လုပ်နိုင်မှုကြောင့် ကျေးလက်တောရွာနေသူများ အလုပ် အကိုင်၊ အခွင့်အလမ်းများ ပိုမိုများပြားလာစေခြင်း၊ ပြည်တွင်း  စားသုံးမှု ပိုလျှံသည့်အပြင် ပြည်ပတင်ပို့မှု မြှင့်တင်နိုင်ခြင်း ကြောင့် ပြည်ပဝင်ငွေ တိုးပွားလာပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုး တက်လာနိုင်မည်ဖြစ်၍ နွေစပါး စိုက်ပျိုးထုတ်လုပ်မှု ပိုမိုအား ကောင်းလာစေရန်အတွက် အထွက်ကောင်းသည့် မျိုးကောင်း မျိုးသန့်များ ရှာဖွေဖော်ထုတ်၍ စိုက်ပျိုးသင့်ပါသည်။

စိန်ဝင်း(နေပြည်တော်)