Main menu

Background

စိုက်ပျိူးတောင်သူ တွက်ခြေကိုက်သည့် ဆောင်းနေကြာ

Wed, 02/02/2022 - 15:48 -- journal_editor

ယင်းမာပင်ခရိုင်သည်   ပဲမျိုးစုံနှင့်ဆီထွက် သီးနှံများ အဓိကစိုက်ပျိုးထုတ်လုပ်သည့်   ခရိုင် တစ်ခုဖြစ်သည်။ နှစ်စဉ်ပဲမျိုးစုံ စိုက်ဧက သုံးသိန်း ကျော်နှင့် ဆီထွက်သီးနှံစိုက်ဧက  လေးသိန်းခန့် စိုက်ပျိုးထွက်ရှိကြောင်း    သက်ဆိုင်ရာ ဌာနများ၏ စာရင်းဇယားအရ  သိရှိရသည်။   ဆီထွက်သီးနှံ များအနက် နှမ်း၊ မြေပဲနှင့်   နေကြာသီးနှံများကို အဓိကစိုက်ပျိုးကြပြီး   နေကြာသီးနှံမှာ ဆီထွက် သီးနှံ စုစုပေါင်း စိုက်ဧက၏  ၂၀ ရာခိုင်နှုန်းကျော် ခန့်ရှိကြောင်း လေ့လာသိရှိရသည်။ယင်းမာပင်ခရိုင်အတွင်းရှိ     မြို့နယ်  လေး မြို့နယ်၌ နေကြာသီးနှံ စိုက်ဧက ကိုးသောင်းကျော် စိုက်ပျိုးထွက်ရှိပြီး   မိုးနေကြာနှင့်ဆောင်းနေကြာ ဟူ၍ စိုက်ပျိုးကြောင်းသိရှိရသည်။ မိုးနေကြာကို မေ၊ ဇွန်လများတွင်လည်းကောင်း၊ ဆောင်းနေကြာ ကို စက်တင်ဘာ၊   အောက်တိုဘာလများတွင် လည်းကောင်း စိုက်ပျိုးကြကြောင်း ၊ ဒေသမျိုးများ နှင့် ရေဆင်း (၁)၊(၂) မျိုးများကို အဓိကစိုက်ပျိုးကြပြီး နေကြာ    သီးသန့်စိုက်ခင်းအဖြစ်လည်းကောင်း၊ ကုလားပဲ၊    မြေပဲစိုက်ခင်းများ၌   သီးညှပ်အဖြစ် လည်းကောင်း    စိုက်ပျိုးလေ့ရှိကြောင်း   ဒေသခံ တောင်သူများထံမှ သိရှိရသည်။ ယခုနှစ်တွင် မိုး နေကြာ စိုက်ဧက ရှစ်သောင်းကျော်  စိုက်ပျိုးထား ရှိပြီး ဒီဇင်ဘာ လကုန်ပတ်မှစ၍ ဆောင်းနေကြာ များ ရိတ်သိမ်းလျက်ရှိကြောင်း သိရှိရသည်။နေကြာသီးနှံသည် စိုက်ပျိုးရလွယ်ကူခြင်း၊ ဒေသ၏ ရေ၊ မြေ၊ ရာသီဥတုနှင့်    ကိုက်ညီခြင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်  သက်သာခြင်း နှင့် ဒေသတွင်း   ဈေးကွက်ဝယ်လိုအားရှိခြင်းများ ကြောင့် တောင်သူများ   နှစ်စဉ်ပုံမှန် စိုက်ပျိုးလျက် ရှိကြောင်း သိရှိရသည်။  ယခုနှစ် နေကြာ တစ်ဧက    စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် ကျပ်နှစ်သိန်း ဝန်းကျင်ကုန်ကျပြီး    တစ်ဧက   တင်း ၂၀ ဝန်းကျင် ထွက်ရှိကြောင်း၊ လက်ရှိ ဈေးကွက်အတွင်း နေကြာ တစ်တင်း ကျပ်နှစ်သောင်း ပေါက်ဈေးရှိနေသည့် အတွက် တစ်ဧက ကျပ်နှစ်သိန်းကျော် အကျိုး အမြတ်ရှိကြောင်း  ငမောင်းကျေးရွာ တောင်သူ ဦးရွှေဝင်း၏ ပြောပြချက်အရ သိရှိရသည်။
ယခုနှစ် စိုက်ပျိုးထွက်ရှိသည့် နေကြာသီးနှံ သည်     ရာသီဥတုကောင်းမွန်မျှတသည့်အတွက် အထွက်နှုန်း   ကောင်းမွန်သလို ဆီထွက်နှုန်းလည်း ကောင်းမွန်ကြောင်း၊ နေကြာတစ်တင်းကို ဆီကြိတ် ခွဲပါက နေကြာဆီ (၃ ဒသမ ၅) ပိဿာနှင့် နေကြာ ဖတ် ခြောက်ပိဿာခန့် ထွက်ရှိကြောင်း၊ ဈေးကွက် အတွင်း၌ နေကြာဆီ   တစ်ပိဿာကို ကျပ် ၆၀ဝ၀ နှင့် နေကြာဖတ်    တစ်ပိဿာကို ကျပ် ၈၉၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊   ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက  နေကြာဆီ တစ်ပိဿာ လျှင် ၅၀ဝ ကျပ်   မြင့်တက်ခဲ့ပြီး နေကြာဖတ် တစ် ပိဿာလျှင်  ကျပ် ၂၀ဝ မြင့်တက်ခဲ့ကြောင်း၊ ဒေသတွင်း ဆီစက်များနှင့်နေကြာစေ့လှော်လုပ်ငန်း ရှင်များမှ   ပုံမှန်ဝယ်ယူလျက်ရှိကြောင်း   ရွှေလှေ ကျေးရွာရှိ    ရွှေအိုးစည် ဆီစက်ပိုင်ရှင်  ဦးဖိုးလုံး၏ ပြောပြချက်အရ သိရှိရသည်။
ဒေသတွင်း   စားသုံးဆီဈေးကွက်၌လည်း စားသုံးဆီများ ဈေးနှုန်းကွာဟမှု    နည်းပါးလာခြင်း များကြောင့် ကျန်းမာရေးနှင့်ညီညွှတ်သည့် နေကြာ ဆီများကို ဝယ်ယူသုံးစွဲမှု  ပိုမိုများပြားလာကြောင်း သိရှိရသည်။ ဒေသတွင်း ဆီစက်လုပ်ငန်းရှင်များ အနေဖြင့်လည်း  နဝလီကြိတ်ခွဲခြင်း ဆီနေကြာများ ကို ဝယ်ယူကြိတ်ခွဲပြီး ထွက်ရှိလာသည့် နေကြာဆီ များကို ဒေသတွင်း ဈေးကွက်နှင့် မုံရွာ၊ မန္တလေးနှင့် ရန်ကုန်မြို့ကြီးများသို့     တင်ပို့ရောင်းချလျက်ရှိ ကြောင်း သိရှိရသည်။
နေကြာသီးနှံသည်    တောင်သူများအတွက် စိုက်ပျိုးထုတ်လုပ်မှု    ကုန်ကျစရိတ်  သက်သာပြီး ထိုက်သင့်သည့်  အကျိုးအမြတ်ရရှိကြောင်း၊ ယနေ့ ခေတ်ကာလတွင်    စားသုံးသူများအနေဖြင့် ကျန်းမာရေးရှုထောင့်အရ   နေကြာဆီကို ရွေးချယ် ဝယ်ယူအသုံးပြုမှု ပိုများလာကြောင်း၊   နေကြာဆီ စားသုံးမှု ပိုမိုမြင့်မားလာသည်နှင့်အမျှ  နေကြာဆီ ဈေးကွက်မှာလည်း ပိုမိုကျယ်ပြန့်လာပြီး ဈေးကွက် ဝေစုပိုမိုရရှိလာကြောင်း၊   စိုက်ပျိုးတောင်သူများ တွက်ခြေကိုက်ပြီး      အကျိုးအမြတ်  ရရှိနေသည့် အတွက်  နေကြာသီးနှံကို  ယခုထက်  ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း တိုက်တွန်း‌ရေးသားဖော်ပြလိုက်ရပါသည်။
မောင်မောင်သိန်း