Main menu

Background

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၏ အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေ

Tue, 08/02/2022 - 09:59 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကထားလုပ်ကိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ဆန်စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါနှင့် ဟင်းသီး ဟင်းရွက်   သစ်သီးဝလံတို့ကို စိုက်ပျိုးကြသည်။ ယင်းအပြင် တောင်သူများသည် ပြည်ပ ပို့ကုန်တစ်မျိုးဖြစ်သော  အစေ့ထုတ်ပြောင်းများကိုလည်းတစ်နှစ်လျှင် နှစ်သီးစား၊သုံးသီးစားစိုက်ပျိုးလာကြ သည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသရှိ ပြောင်း စိုက်ပျိုးထုတ်လုပ်သော တောင်သူများသည်လည်း ပြည်တွင်း လိုအပ်ချက် နှင့် ပြည်ပဝယ်လိုအား မြင့် တက်နေသော အစေ့ထုတ် ပြောင်းများကို နှစ်စဉ် တိုးတက် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ယခုနှစ် တွင် မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်  အသင်းဝင် များအား ွဗဃဃ ကုမ္ပဏီနှင့်ချိတ်ဆက်၍  တရုတ် နိုင်ငံသို့တရားဝင်လမ်းကြောင်းဖြင့်  အစေ့ထုတ်ပြောင်းများကို နယ်စပ်ကုန်သွယ်ရေးစခန်းများရှိရာ လမ်းကြောင်းမှ တရားဝင်တင်ပို့နိုင်ရန် စီးပွား ရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်အစေ့ထုတ်ပြောင်းများကို နေရာအနှံ့အပြား စိုက်ပျိုးကြပြီးမိုင်းယန်းမြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းယောင်း မြို့နယ်တို့တွင်ဧကအများအပြားစိုက်ပျိုးကြသည်ကိုတွေ့ရသည်။ရှမ်းပြည်နယ်(အရှေ့ ပိုင်း) ဒေသတွင်အစေ့ထုတ်ပြောင်းများကို  မိုးပြောင်းနှင့်ဆောင်းပြောင်း နှစ်သီးစိုက်ပျိုးပြီး နှစ်အလိုက် စိုက်ပျိုးထုတ်လုပ်မှုအခြေအနေမှာ  ၂၀၂၀-၂၀၂၁ ခုနှစ် မိုးပြောင်း ၃၁၂၅၂ ဧက၊    ဆောင်းပြောင်း ၆၄၅၅ ဧက၊ ဧကပေါင်း ၃၇၇၀၇ အထွက်(တင်း) ၂၂၄၉၁၀ဝ တင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးပြောင်း   ၃၁၄၁၀ ဧက၊ ဆောင်းပြောင်း ၆၄၉၄ ဧက၊ ဧက ပေါင်း ၃၇၉၀၄ အထွက်(တင်း) ၂၂၈၂၂၂၃ တင်း ဖြစ်သည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အစေ့ထုတ်ပြောင်းများကို စိုက်ပျိုးရာတွင် ရှေးဦးစွာမြေကိုပြုပြင်ပြီး မျိုးစေ့ချစိုက်ပျိုးရသည်။ ပင်ကြားတန်းကြား တစ်ပေမှ နှစ်ပေအကွာကြား စိုက်ပျိုးပြီး ခုနှစ်ရက်ခန့်အတွင်း  အပင်စုံ၍ ရက် ၂၀ ခန့်တွင် တစ်ကြိမ် ၄၅ ရက်ခန့်တွင်  တစ်ကြိမ် ပေါင်းသတ်ဆေးဖျန်းရသည်။ အပင်အားဆေး (ရွက်ဖျန်းမြေသြဇာ)ကို ၃၀ ရက်သားခန့်တွင်တစ်ကြိမ် ၆၀ ရက်သားခန့်တွင် တစ်ကြိမ်ဖျန်းပေးရသည်။ စတင်စိုက်ပျိုးပြီး ရက်ပေါင်း ၁၂၀ ခန့်တွင် ရိတ်သိမ်းနိုင်သည်။ ထိုင်းနိုင်ငံမှ တင်သွင်းသော စပ်မျိုးများကိုမှာယူစိုက်ပျိုးပြီး မျိုးစေ့ ၁၀ ကီလို တစ်အိတ်လျှင် ကျပ် ၃၀ဝ၀ဝ ဖြင့် ဝယ်ယူစိုက်ပျိုး သည်ဟု သိရသည်။ ထိုင်းနိုင်ငံမှ  တင်သွင်းသော အစေ့ထုတ်ပြောင်း မျိုးစေ့များမှာ   အပင်ပေါက် အား ကောင်းပြီးပြောင်းပင်တစ်ပင်လျှင် အဖူး နှစ်ဖူးမှ သုံးဖူးထိ ထွက်ရှိကြောင်း    ပြောင်းစိုက် တောင်သူများထံမှ  သိရှိရသည်။   ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဒေသတွင်  အများဆုံး အသုံးပြုသော အစေ့ထုတ်  ပြောင်းမျိုးများမှာ ထိုင်းနိုင်ငံ မှ တင် သွင်းသော င်္၈၈၈(အနီ)၊ င်္၈၈၈(အပြာ) တံဆိပ်တို့ ဖြစ်သည်။   ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် မိုးပြောင်းများကို ဧပြီလမှ ဇွန်လထိ မြေအစိုဓာတ် စတင်ရရှိချိန်တွင် စိုက်ပျိုးကြပြီး    ဆောင်းပြောင်း များကို စက်တင်ဘာလမှ     နိုဝင်ဘာလအတွင်း မြေအစိုဓာတ် မကုန်ခင် စတင်စိုက်ပျိုးကြသည်ဟု သိရသည်။   အစေ့ထုတ်ပြောင်း တစ်ဧက စိုက်ပျိုး ကုန်ကျစရိတ်မှာ ကျပ် ၄၅၀ဝ၀ဝ ခန့်ရှိပြီး အထွက် နှုန်းမှာ တင်း၆၀ကျော်ထွက်ကာ အကျိုးအမြတ် အနေဖြင့် ကျပ် ၄၀ဝ၀ဝ၀ ခန့်ရရှိကြောင်း၊ ယခင်နှစ်က အစေ့ထုတ်ပြောင်း  ၅၀ ကီလိုဝင် တစ်အိတ် လျှင် ကျပ် ၂၄၀ဝ၀ ရရှိပြီး ယခုနှစ်တွင် ၅၀ကီလိုဝင် တစ်အိတ်လျှင် ကျပ် ၂၈၀ဝ၀ ရရှိသည်ဟု မိုင်း ယောင်းမြို့နယ်၊  မိုင်းယုမြို့ ပြောင်း စိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။ ယခုနှစ် မိုးပြောင်းများကို စိုက်ပျိုးပြီးစီးပြီဖြစ်သော်လည်း လုပ်သားခ၊ မျိုးစေ့ဖိုးနှင့် သွင်းအားစုဈေးနှုန်းများမြင့်တက်လာ သောကြောင့် အစေ့ထုတ်ပြောင်းပေါ်ချိန်တွင် ဈေး ကောင်းရရှိမှ အကျိုး အမြတ်ကျန်မည်ဖြစ်ကြောင်း ကိုလည်းပြောင်းစိုက်တောင်သူများထံမှသိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများမှထွက်ရှိသောပြောင်းများကို  တာချီလိတ်မြို့နယ်၊ ဟောင်လိတ်စက်မှုရပ်ကွက်ရှိရွှေကောင်းကင်တိရစ္ဆာန် အစားအစာစက်ရုံမှဝယ်ယူသကဲ့သို့ ဒေသတွင်း ကြက်၊ဝက်တစ်ပိုင်တစ်နိုင် မွေးမြူသူ များ မှာလည်းဝယ်ယူအသုံးပြုကြသည်။ကုန်သွယ်မှုအနေဖြင့် ရှမ်းပြည်နယ်မှထွက်ရှိသောအစေ့ထုတ်ပြောင်းများကို တာချီလိတ်မြို့၊ နယ်စပ်ကုန်သွယ် ရေးစခန်း(မယ်ယန်း)မှတစ်ဆင့်    ထိုင်းနိုင်ငံသို့ ထိုင်း-မြန်မာ   ချစ်ကြည်ရေး တံတား အမှတ်(၂)မှ တင်ပို့သကဲ့သို့ ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း-မိုင်း လားမှတစ်ဆင့်တရုတ်နိုင်ငံသို့လည်း တင်ပို့ရောင်းချကြသည်ဟု  သိရသည်။ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တာချီလိတ်(မယ်ယန်း) ကုန် သွယ်ရေး စခန်းမှ ထိုင်း နိုင်ငံသို့ပြောင်းတင်ပို့မှုမှာ ၃၄၄၀၅၈ ဒသမ၈ တန်၊တန်ဖိုးအမေရိကန် ဒေါ်လာ ၁၁၆ ဒသမ ၅၄ သန်းရှိပြီး မိုင်းခတ်-မိုင်း ယန်း-မိုင်းလားမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြောင်း တင်ပို့မှုမှာ ၁၁၉၃၁ ဒသမ ၅တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ၂ ဒသမ ၅၂ သန်းရှိခဲ့သည်။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ်၊  မေလထိ တာချီလိတ်(မယ်ယန်း)ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုမှာ ၁၅၅၆၂၀တန်၊ တန်ဖိုး ၃၆ ဒသမ ၈သန်းရှိခဲ့ သည်ဟု ကုန်သွယ်ရေး ဦးစီး ဌာနမှ သိရသည်။သို့ဖြစ်ပါ၍ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသမှ ပြောင်းစိုက်  တောင်သူများသည် အစေ့ထုတ်ပြောင်း စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များစွာရရှိနေပြီးနိုင်ငံတော်အတွက်လည်း ပြည်ပ ပို့ကုန် တိုးတက်ပို့ဆောင်နိုင်ကာ နိုင်ငံခြားဝင်ငွေရရှိနေကြောင်းနှင့် မိုးပြောင်း ရိတ်သိမ်းချိန်တွင်လည်း ပြောင်းစိုက်တောင်သူများ ပြောင်းဈေး ကောင်းရရှိရန်မျှော်လင့်နေကြောင်းရေးသားတင်ပြလိုက်ရပါသည်။

မြင့်နောင်  (DOCA-TCL)