Main menu

Background

မြန်မာ့ဆန်စပါးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစိုးရကဆောင်ရွက်ပေးမှုများ (၁)

Fri, 11/11/2022 - 15:04 -- journal_editor

ကျွန်တော်တို့၏ ဘိုးဘွားများက ပြောကြားခဲ့ဖူးသည့် ဆိုရိုးစကားလေးကို သတိတရဖြစ်မိသည်။ ဆီကိုရေချိုး၊ ဆေးရိုး မီးလှုံ၊ စပါးတောင်လိုပုံ ဟူသည့်ဆိုရိုးရှိခဲ့သည်။ ယခင်က မြန်မာပြည်တွင် ဤမျှအထိ စပါးများ ပေါများစွာ ထုတ်လုပ် ထွက်ရှိခဲ့သည့်သဘောဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ချုပ်၏ တာဝန်ရှိသူတစ်ဦးက အရှေ့တောင်အာရှ၏ စပါးကျီ ဗမာပြည်ဟု ဂုဏ်ပြုမှတ်ချက်စကားပြောကြားခဲ့ခြင်းဖြစ်ပေမည်။  ကမ္ဘာတွင် ဒုတိယကမ္ဘာစစ်ကာလက တစ်ကမ္ဘာလုံးနီးပါး စားနပ်ရိက္ခာ အခက်အခဲဖြစ်ချိန်တွင် မြန်မာပြည်မှဆန်များကို ဈေးနှုန်းချိုသာစွာဖြင့် အကြွေးစနစ်ဖြင့် ရောင်းချဖြည့်စွမ်းပေးနိုင်ခဲ့သည်သာမက ငွေကြေးအခက်အခဲကြုံတွေ့ရလျက်ရှိသော ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံများသို့ လှူဒါန်းပေးနိုင်ခဲ့သဖြင့် ထိုနိုင်ငံများသည် ယနေ့အထိ မြန်မာနိုင်ငံအား ကျေးဇူးတင်မဆုံးဖြစ်နေသည်။
မြန်မာနိုင်ငံ၏ အဓိကထုတ်ကုန်သည် ဆန်စပါးဖြစ်သည်။ ဆန်စပါးသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၏ အသက်သွေးကြောဖြစ်သည်။ ထို့ကြောင့် အစိုးရအဆက်ဆက်၏ ဦးတည်ချက်များတွင် စိုက်ပျိုးရေးကိုအခြေခံ၍ဟူသည့် ဦးတည်ချက် အမြဲပါဝင်သည်ကို သတိထားမိသည်။ မြေသည် တိုးပွားလာသည်မဟုတ်ပေ။ နေထိုင်သည့်ဦးရေသာ တိုးပွားလာနေသည်။ တိုးပွားလာသည့် လူဦးရေအတွက် ရိက္ခာလုံလောက်မှုရှိစေရေး ဆန်စပါးကဏ္ဍကို သမားရိုးကျ ပုံစံများအတိုင်း ဆောင်ရွက်နေ၍ မဖြစ်ပေ။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက၊ တောင်သူများပူးပေါင်း၍ ကြံဆဆောင်ရွက်သွားရမည်ဖြစ်သည်။ စက်မှုလယ်ယာစနစ်ကူးပြောင်းရမည်။ တစ်သီးစားမှ နှစ်သီးစား၊ သုံးသီးစားဖြစ်အောင် လုပ်ရမည်။ အထွက်တိုးအောင်လုပ်ရမည်။ ခေတ်မီနည်းပညာများသုံးစွဲရမည်။
သို့မှသာ ပြည်တွင်းရိက္ခာဖူလုံသည့်အပြင် ပိုလျှံသည့် ဆန်နှင့်ဆန်ထွက်ပစ္စည်းများကို ပြည်ပသို့အရည်အသွေးပြည့် မီစွာ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ထိုသို့ဆောင် ရွက်နိုင်ရေးအတွက် အစိုးရ၏အခန်းကဏ္ဍသည် အဓိကအရေးပါလျက်ရှိသည်။ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုကိုခံယူကာ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ထုတ်ပြန်ထားသော မူဝါဒ၊ ပြဋ္ဌာန်းထားသောဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် တောင်သူလယ်သမားများ၏ လူနေမှုအဆင့်အတန်းများ မြင့်မားတိုးတက်လာမည်ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်။)
မောင်စားသုံး