ပြည်ပသို့ ဆန်တင်ပို့မှုပမာဏကို ထိုင်းနိုင်ငံတိုးမြှင့်

ကမ္ဘာ့ဆန်ဝယ်လိုအားမြင့်တက်လာခြင်းနှင့် ကမ္ဘာ့ဆန်ဈေးကွက်သို့ဆန် ရောင်းလိုအား ကျဆင်းလာခြင်းတို့ကြောင့် ထိုင်းနိုင်ငံသည် ယခင်ခန့်မှန်း ထားသည့် ပမာဏထက်ပြည်ပသို့ ဆန်တင်ပို့မှုကို တိုးမြှင့်ခဲ့ကြောင်း တွေ့ရှိရ သည်။

ထိုင်းနိုင်ငံသည်၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့ဈေးကွက်သို့ ဆန်တန်ချိန် ၉ ဒသမ ၅ သန်းကို တင်ပို့ရန်မျှော်မှန်း ခဲ့သော်လည်း ယခုအခါ တန်ချိန် ၁၀ သန်း သို့ တိုးမြှင့်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှဧပြီလ ၁၇ ရက်အထိ ဆန်တန်ချိန် ၃ ဒသမ ၅၈ သန်းကို တင်ပို့ခဲ့ပြီး ၃ ဒသမ ၄ ရာခိုင်နှုန်းမြင့် တက်လာသဖြင့် ယခုကဲ့သို့ ပြည်ပသို့ ဆန်တင်ပို့မှုပမာဏ ခန့်မှန်းချက်အား တိုးမြှင့်ရခြင်းဖြစ်ကြောင်း၊ ယင်းကာလ အတွင်း ပြည်ပသို့ ဆန်တင်ပို့ခြင်းမှဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၈ ဘီလီယံ (ထိုင်းဘတ် ၅၆ ဒသမ ၆ ဘီလီယံ) ရရှိ၍ ယမန်နှစ်အလားတူ ကာလထက် ၁၄ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် Adul Chotinisakorn က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် ကမ္ဘာ့ဈေးကွက်သို့ ဆန်တန်ချိန်အများဆုံးကို တင်ပို့ ရောင်းချနေသည့်နိုင်ငံဖြစ်သည်။ ထိုင်းနိုင်ငံ၏ နောက်တွင် ဆန်တန်ချိန် ၃ ဒသမ ၂၁ သန်းဖြင့် အိန္ဒိယနိုင်ငံ၊ ဆန်တန်ချိန် ၁ ဒသမ ၆၁ သန်းဖြင့် ဗီယက်နမ်နိုင်ငံနှင့် ဆန်တန်ချိန် ၁ ဒသမ ၂၈ သန်းဖြင့် ပါကစ္စတန်နိုင်ငံက အစဉ်လိုက် ရပ်တည် နေကြသည်။ကမ္ဘာ့ဈေးကွက်အတွင်းထိုင်း ဆန်ဈေးနှုန်းသည်၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း တစ်တန်လျှင် ပျမ်းမျှဈေးနှုန်းအမေရိကန်ဒေါ်လာ ၄၁၉ ဒသမ ၁၉ ရှိရာမှ ယခုနှစ်အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၄၉၇ ဒသမ ၃၉ သို့  မြင့်တက်လာခဲ့သည်။ ထိုင်းနိုင်ငံ၏ စုစုပေါင်းပြည်ပသို့ ဆန် တင်ပို့မှု၌ ဆန်ဖြူတင်ပို့မှုသည် ၄၈ ဒသမ ၇ ရာခိုင်နှုန်း၊ ပေါင်းဆန်တင်ပို့ မှုသည် ၂၇ ဒသမ ၇ ရာခိုင်နှုန်းနှင့် Hom Maliဆန်တင်ပို့မှုသည် ၁၀ ဒသမ ၂ ရာခိုင်နှုန်း ရှိပါသည်။ ယခုနှစ်တွင်ထိုင်းဆန် အမျိုးအစားအားလုံး၏  ဈေးနှုန်းသည် မြင့်တက်လာပြီး အထူးသဖြင့် Hom Maliဆန်ဈေးနှုန်းသည် မတ်လကတည်းက တဖြည်းဖြည်းမြင့်တက်ခဲ့ရာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၁၅၀ အထိ ရောက်ရှိလာသည်။

ယခုနှစ်အတွင်း ကမ္ဘာ့ဆန်ဝယ်လိုအား အခြေအနေသည် တိုးတက် ကောင်းမွန်လျက်ရှိပြီး အထူးသဖြင့် တရုတ်နိုင်ငံ၊ဂျပန် နိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံတို့၏ ဆန်ဝယ်လိုအား မြင့်တက်လာပါသည်။ ထိုင်း နိုင်ငံသည် ဖိလစ်ပိုင် နိုင်ငံ၏ ပြည်ပမှဝယ်ယူ မည့် ဆန်တန်ချိန် ၁၂၀၀၀၀ အတွက် လေလံကို မေ ၄ ရက်တွင် အောင်မြင်ခဲ့ရာ အစိုးရအချင်းချင်း ဝယ်ယူသည့် စနစ်ဖြင့် ရောင်းချရာ၌ တစ်တန်လျှင် ဈေးနှုန်း အမေရိကန်ဒေါ်လာ ၅၁၇ ဒသမ ၅၀ ဖြစ်သည်။

ထိုင်းနိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် ဆန်တန်ချိန် ၁၁ ဒသမ ၆ သန်းဖြင့် ပြည်ပသို့ ဆန်တန်ချိန် အများဆုံးတင်ပို့နိုင်ခဲ့သည့် ပမာဏဖြစ်ပြီး တစ်နှစ်ထက် တစ်နှစ်၁၇ ဒသမ ၄ ရာခိုင်နှုန်း တိုးတက် ခဲ့သည်။ ပြည်ပသို့ဆန်တင်ပို့ခြင်းမှ ဝင်ငွေစုစုပေါင်း ဘတ် ၁၇၄ ဒသမ ၅ ဘီလီယံရရှိ၍ တစ်နှစ်ထက်တစ်နှစ် ၁၂ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ဆန် တင်ပို့ရောင်းချမှု အများဆုံး ငါးနိုင်ငံမှာဗီနင်၊ တရုတ်၊ တောင် အာဖရိက၊ ကင်မရွန်းနှင့် အမေရိကန်နိုင်ငံတို့ဖြစ် ပါသည်။

ကျော်သူရ၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဗန်ကောက်မြို့