မြင်းခြံကုန်စည်ဒိုင်အတွင်းမှ ကုလားပဲဈေးနှုန်း၊ ဈေးကွက်

မြင်းခြံကုန်စည်ဒိုင်တွင် အရောင်းအဝယ်အများဆုံးဖြစ်၍ ပြည်တွင်း၊ ပြည်ပစားသုံးမှုများသည့် ကုလားပဲသီးနှံကို ၂၀၂၆  ခုနှစ်တွင် မြင်းခြံခရိုင် အနေဖြင့် ၂၉၅၁၁ ဧကစိုက်ပျိုးထားရှိပြီး တစ်ဧကအထွက်အနေဖြင့် ၁၀-၁၁ တင်းခန့် ထွက်ရှိခဲ့ကြောင်း၊  မြင်းခြံမြို့ နယ်တွင် စိုက်ဧက ၁၀၅၆၈ ဧက၊ တောင်သာမြို့နယ်တွင် ၇၁၄၁ ဧက၊ နွားထိုးကြီးမြို့နယ်တွင် ၁၁၈၀၂ ဧက စိုက်ပျိုးထားကြောင်း သိရသည်။ 
၂၀၂၆ ခုနှစ် အောက်တိုဘာလ စတုတ္ထပတ်၌ ကုလားပဲ  V2တစ်တင်း လျှင် ကျပ် ၈၁၀၀၀၊ ကုလားပဲလုံးဖြူလုံးကြီး တစ်တင်းလျှင် ကျပ် ၈၀၀၀၀ ခန့် ပေါက်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း၊ ယခင် တစ်ပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကုလားပဲတစ်တင်းလျှင် ကျပ် ၂၀၀၀ ဈေးနှုန်းမြင့် တက်လာကြောင်း၊ ကုလားပဲဈေးနှုန်းများ မြင့်တက်လာခြင်းမှာ ပဲခွဲစက်သမားများ၊ ကုန်သည်များဒေသအစုံမှအဝယ်လိုက်လာခြင်း၊ ပြည်တွင်းကုလားပဲခွဲစက်များ ပုံမှန်လည်ပတ်ရန်အတွက် ကုန်ကြမ်းဝယ်လိုအားရှိနေ သည့်အပြင်လက်ရှိတွင် ရာသီကုန်ခါနီးဖြစ်၍ ပဲလက်ကျန်လျော့နည်းလာခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်သည်။ 
ကုလားပဲသည် ပြည်ပပို့ကုန်ထက် ပြည်တွင်း စားသုံးမှုအပေါ် ပိုမိုမှီခိုနေရသဖြင့် အခြားပဲများ (မတ်ပဲ၊ ပဲစင်းငုံ) တို့ကဲ့သို့ ဈေးနှုန်းမြင့်တက်သွားရန် အလားအလာနည်းပါးပြီး တည်ငြိမ်သောဈေးနှုန်းတွင်သာ ရှိကြောင်းသိရသည်။                                                                                                                     
DOCA (မန္တလေး)