ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသို့ စားအုန်းဆီဖြန့်ဖြူးရာတွင် နိုင်ငံတော်၏ မူဝါဒနှင့်အညီ စနစ်တကျဖြန့်ဖြူးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသို့ စားအုန်းဆီဖြန့်ဖြူးရာတွင် နိုင်ငံတော်၏မူဝါဒနှင့်အညီ စနစ်တကျဖြန့်ဖြူးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဆောင်၍ အောက်တိုဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦးက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူများသို့ စားအုန်းဆီများဖြန့်ဖြူးရာတွင် မူဝါဒနှင့်အညီ လူတစ်ဦး (၁)နှစ် (၆) ပိဿာ နှုန်း (လူတစ်ဦး တစ်လလျှင် ၅၀ ကျပ်သား) ဖြင့် စနစ်တကျ ဖြန့်ဖြူးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်ကာယခုကဲ့သို့ မူဝါဒချမှတ်ရခြင်းမှာ နိုင်ငံသားများ၏ ဆီစားသုံးမှု သည် ကျန်းမာရေးနှင့်ညီညွတ်စေရန်အတွက် ဖြစ်ကြောင်း၊  နိုင်ငံတော်မှ သတ်မှတ်ထားသည့် မူဝါဒနှင့် အညီ ဖြန့်ဖြူးဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးဆီဖြန့်ဖြူးခွင့်ရကုမ္ပဏီများ၊ လက်လီလက်ကားကိုယ်စားလှယ်များ ဝိုင်း ဝန်းလိုက်ပါဆောင်ရွက်ရန်နှင့်စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်အတိုင်းဒေသအရောက် ဈေးနှုန်းအပေါ် ၂ ရာခိုင်နှုန်း အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရန်၊ မသမာသောနည်းလမ်းဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ကြရန် မှာကြားခဲ့သည်။ 
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် စားအုန်းဆီ ဖြန့်ဝေမှုအခြေအနေများနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူများသို့ စားအုန်းဆီများဖြန့်ဖြူးရာတွင် မူဝါဒနှင့်အညီလူတစ်ဦး (၁) နှစ် (၆) ပိဿာနှုန်းဖြင့် စနစ်တကျ ဖြန့်ဖြူးနိုင်ရေးစီစဉ်ဆောင်ရွက်နေမှုအခြေအနေများအား ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ သည်။ 
ဆက်လက်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့်  ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦးက  နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။                        

 DOCA  (ရန်ကုန်)