Main menu

Background

စီးပွားရေးအားနည်းနေတဲ့အတွက် တရုတ်နိုင်ငံက အတိုးနှုန်းကို ခြောက်လအတွင်း တတိယအကြိမ်မြောက် လျှော့ချ

Thu, 05/21/2015 - 20:46 -- journal_editor

အတွဲ(၁၅)အမှတ်(၁၈)

    ကုမ္ပဏီတွေငွေချေးယူရာမှာ ကုန် ကျစရိတ်သက်သာဖို့နဲ့ စီးပွားရေးကျဆင်း မှုက ၂၅ နှစ်အတွင်း  အဆိုးဝါးဆုံးအခြေအနေကို ဦးတည်နေတာကို ထိန်းချုပ်ဖို့ အတွက် တရုတ်နိုင်ငံက ဘဏ်အတိုးနှုန်းကို  ခြောက်လအတွင်း တတိယအကြိမ် အဖြစ် လျှော့ချပေးခဲ့ကြောင်း စီအင်အေသတင်းမှာဖော်ပြ ပါတယ်။
ဒီဆောင်ရွက်မှုမှာ အများက  မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာခဲ့တဲ့အတွက် လေ့လာဆန်းစစ်သူတို့ကလည်း ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဒုတိယအကြီး ဆုံး စီးပွားရေးက ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို တန်ပြန်နိုင် ဖို့အတွက် မူဝါဒရေးဆွဲသူတို့ကအရန်ငွေကြေးလိုအပ်ချက်အချိုးကို  လျှော့ချပေးပြီး လာမယ့်လ တွေမှာ အတိုးနှုန်းကို  ထပ်မံလျှော့ချပေးဖို့လိုလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။
မေ ၁၁ ရက်နေ့မှစပြီး တစ်နှစ်အတွက်  ချေးငွေအတိုးနှုန်းကို သုည ဒသမ ၂၅ ရာခိုင်နှုန်းလျှော့ချပြီး ၅ ဒသမ ၁ ရာခိုင်နှုန်းအဖြစ်  အခြေခံစံထားဈေးနှုန်းကိုသတ် မှတ်ခဲ့ကြောင်း  တရုတ်နိုင်ငံဗဟိုဘဏ် (Pepple’s Bank of China-PBOC)  ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ အခြေခံ   အပ်နှံငွေနှုန်းထားကိုလည်း အလား တူလျှော့ချပြီး ၂ ဒသမ ၂၅ ရာခိုင်နှုန်း သတ်မှတ်ခဲ့ပါတယ်။
''တရုတ်နိုင်ငံ စီးပွားရေးက အကျဘက်ကိုဦးတည်နေဆဲဖြစ်ပါတယ်။ တစ်ချိန် တည်းမှာ အားလုံးခြုံကြည့်ရင် ပြည်တွင်းဈေးနှုန်းတွေက နိမ့်ကျနေဆဲဖြစ်ပြီး အတိုး နှုန်းတွေကလည်း ပျမ်းမျှ အတိုးနှုန်းထက်မြင့်မားနေဆဲဖြစ်ပါတယ်''လို့ PBOC   က ပြောပါတယ်။  မေ ၁၀ ရက်နေ့က  အတိုးနှုန်းလျှော့ချပေးတာက ဧပြီကုန်သွယ်မှုနဲ့ ငွေကြေးဖောင်းပွမှုနှုန်းကျဆင်းနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒါကြောင့် တရုတ် နိုင်ငံအနေနဲ့ ပြည်တွင်းပြည်ပဝယ်လိုအားကျဆင်းတာနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို ပြသနေပါတယ်။