Main menu

Background

ကျားဖောင်လုပ်ငန်းမရှိသင့်ဟု ပြောဆိုသော နိုင်ငံရေးသမား မဲမရနိုင်ဟုဆို

Thu, 12/05/2019 - 15:02 -- journal_editor

           လက်ရှိ ကျားဖောင်လုပ်ငန်းတွင် လူအများအပြား လုပ်ကိုင်နေသောကြောင့် အဆိုပါလုပ်ငန်းမရှိသင့်ဟု ပြောဆို‌သော နိုင်ငံရေးသမား မဲမရနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။နိုဝင်ဘာ ၂၆ ရက်က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြုလုပ်သည့် သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန် တွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ဒီငါးဖမ်းနည်းက လူ့အခွင့်ရေးအရပဲ ဖြစ်စေ၊ လုပ်ငန်း ခွင်သတ်မှတ်ချက်အရပဲဖြစ်စေ ဆက်ရှိသင့်လား မရှိသင့် သလားဆိုတာတော့ အားလုံးဝိုင်းစဉ်းစားကြပါ။ လိုင်စင်ထုတ် ပေးပြီးတော့ ဒီလုပ်ငန်းကို ဆက်ပြီး ခွင့်ပြုမလား၊ မပြုဘူးလား ဆိုတာ ဘက်စုံဝိုင်းစဉ်းစားကြပါ။ လူ့အခွင့်အရေးဘက်ကရော၊ လုပ်ငန်းခွင်အခြေနေရော၊ ျေ်နအပ အပိုင်းတွေရော  အကုန်လုံး ဝိုင်း စဉ်းစား။ ကျွန်တော်တို့ကမရှိသင့်ဘူးလို့ပြောရင်  ကျွန်တော်တို့တရားခံဖြစ်မယ်။ နိုင်ငံရေးသမားက မရှိသင့်ဘူးပြောရင်  အဲဒီနိုင်ငံရေးသမားက မဲမရဘူး ဖြစ်မယ်။ ဒါက လူအများကြီး လုပ်နေတာကိုး။ သို့သော် ဒါကိုအားလုံးဝိုင်းစဉ်းစားပြီး အဖြေ ထုတ်ရမယ်” ဟု ဦးဝင်းကြိုင်က ပြောသည်။

     ယင်းလုပ်ငန်းသည် နှစ်ပေါင်း ၅၀ ခန့်ကြာပြီဖြစ်ကာ ပင်လယ်ထဲတွင် ခုနှစ်လကြာ  ဖောင်ပေါ်မှာသာနေရသည့် ရိုးရာ ငါးဖမ်းနည်းဖြစ်သည့်အတွက် လူ့အခွင့်အရေးအရ ဖြစ် စေ၊ လုပ်ငန်းခွင်သတ်မှတ်ချက်အရဖြစ်စေ ဆက်လက်လုပ်ကိုင် ခွင့် ပြုသင့်၊ မပြုသင့်ကို ဝိုင်းဝန်းစဉ်းစား၍  အဖြေထုတ်ရမည် ဟုဆိုသည်။ ဒဂုံတက္ကသိုလ်မှ သမိုင်းဘာသာရပ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်သူ ကိုမြတ်သူရထွန်းသည် ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ် ခါးပြတ်ကျေးရွာရှိ ငါးဖမ်း ကျားဖောင် တစ်ခုတွင် ရောင်းစားခံခဲ့ရပြီး နှစ်လနီးပါးကြာ အလုပ်လုပ် ကိုင်ခဲ့ရကာ မိသားစု၏ ကြိုးပမ်းမှုကြောင့် ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ပြန်လည် လွတ်မြောက်လာခဲ့သည့် ဖြစ်စဉ် နောက် ပိုင်းတွင် အဆိုပါ ကျားဖောင်လုပ်ငန်းများ၏ လုပ်သားပြဿနာ များနှင့်ပတ်သက်၍ ပြည်တွင်းသတင်းဌာနများသာမက ပြည်ပသတင်းဌာနများကပါ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြမှုများ ရှိလာကြောင်း သိရသည်။ သို့ဖြစ်၍ အလားတူ ဖြစ်စဉ်မျိုး ဖြစ်သော ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ်ရှိ ကျားဖောင်လုပ်ငန်း၏ လုပ်သား ပြဿနာများကြောင့် မြန်မာ့ရေလုပ်ငန်းကဏ္ဍအပေါ် သက် ရောက်မှုများ ရှိလာနိုင်သည်ဟု ဦးဝင်းကြိုင်က သုံးသပ်သည်။

     အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်၏ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ  တိုးနန္ဒာတင် က “သက်ရောက်မှုကတော့ ဘာမှရှိလာနိုင်စရာ အကြောင်း မရှိဘူး ထင်တယ်။ လူကုန်ကူးတာဟာ မိန်းမတွေဆို တရုတ် ကို တစ်ချိန်လုံး လူကုန်ကူးခံနေရတာ။ ဒါပေမဲ့ အခုဖြစ်စဉ်က အကြီးကြီးမဟုတ်ဘူးလေ။ ဒီ issue ဟာ  သေးသေးလေးပါပဲ။ သေးသေးလေးကို သေးသေးလေး အနေနဲ့ပဲ မြင်ဖို့ အရေးကြီး ပါတယ်။ ဒါသည် လူကုန်ကူးခံရလို့ ဒီလိုမျိုးဖြစ်တယ်။ အဲဒါ ဟာ ရဲအရေးပိုင် ဖြစ်တယ်။ ဒါဟာ လူကုန်ကူးမှုက အဓိကဖြစ် တဲ့အတွက် ဒီလုပ်ငန်းနဲ့ ဘာမှမဆိုင်ဘူး။  ဒါပေမဲ့ ဒီလုပ်ငန်း ရှိသင့်၊ မရှိသင့်ကတော့ ဆက်ဆွေးနွေးပါမယ်”ဟု   ပြောသည်။ ကျားဖောင်လုပ်ငန်းများသည် ပွင့်လင်းရာသီတွင် မုတ္တမ ပင်လယ်ကွေ့အတွင်း ခုနစ်လခန့် အထိုင်ချ၍ ဝါးဖောင်များ နှင့်  ပိုက်ထောင်ကာ ငါး၊ ပုစွန်များကို ဖမ်းယူသည့် လုပ်ငန်း ဖြစ်ပြီး ယင်းလုပ်ငန်းမှ ပုစွန်ခြောက် အများဆုံး ထွက်ရှိကာ ပြည်တွင်း စားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ ရောင်းချနေခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယင်းလုပ်ငန်းမှ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်နှင့် မွေးမြူရေးတိရစ္ဆာန်အစာတို့ကိုလည်း ထုတ်လုပ်လျက်ရှိသည်။ ပြည်တွင်း မီဒီယာများ၏ ဖော်ပြထားချက်အရ အဆိုပါ လုပ်ငန်းများတွင်  အလုပ်လုပ်ကိုင်သူ အလုပ်သမားဦးရေ သုံးသောင်းခန့်ရှိပြီး ဖောင်အားဖြင့် တစ်သောင်းဝန်းကျင်ခန့် ရှိကြောင်း သိရသည်။

 

ပန်းဆု