Main menu

Background

ရေထွက်ကုန်ဖြစ်သည့် ခရု၊ ကမာနှင့် ဂုံးများ တိုးချဲ့မွေးမြူရေးလုပ်ငန်းများ တွန်းအားပေးသင့်

Thu, 02/06/2020 - 12:37 -- journal_editor

       မြန်မာနိုင်ငံသည် ကီလိုမီတာ ၂၈၀ဝ ကျော် ရှည်လျားသည့် ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားရှိပြီး အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်လျက်ရှိသည့်  ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီ ပင်လယ်အော်များနှင့် ထိစပ်လျက်ရှိသည်။ ကမ်းရိုးတန်းဒေသ တစ် လျှောက်လုံးတွင်  ရေငန်ခရု၊ ကမာနှင့် ဂုံး စသည့် ရေသတ္တဝါများ ပေါက်ပွားနေထိုင်ကြသည်။ အဆိုပါရေထွက်ပစ္စည်းများအား ကမ်းရိုးတန်းဒေသတွင် နေထိုင်သူ အနည်းငယ်ကသာ စားသုံးကြသည့် အလေ့အထ ရှိသည်။ နိုင်ငံအတွင်းရှိ လူများစုမှာ အဆိုပါရေထွက်ပစ္စည်း များကို စားသုံးသည့် အလေ့အထ အလွန်နည်းကြသည်။ ဖော်ပြပါရေထွက်ပစ္စည်းများသည် နိုင်ငံတကာ ဈေးကွက်အားလုံး မှ ခုံမင်နှစ်သက်စွာ စားသုံးကြသည့် ရေသတ္တဝါ များဖြစ်သည်။ တောင်အမေရိက၊ မြောက်အမေရိက၊ ဥရောပ၊ အာရှဒေသအားလုံးသည် ခရု၊ ကမာ၊ ဂုံးများကို နှစ်ခြိုက်စွာ စားသုံးကြသည့်အတွက် ကမ္ဘာလုံးဆိုင်ရာ ကြီးမားသောဈေး ကွက်ရှိသည့် ရေထွက်ပစ္စည်းများဖြစ်သည်။

      မြန်မာနိုင်ငံ၏   အိမ်နီးချင်းနိုင်ငံများဖြစ်သည့်  ထိုင်း၊ မလေးရှား၊  ကမ္ဘောဒီးယား၊  ဗီယက်နမ်နှင့်  အင်ဒိုနီးရှား အစရှိသည့် နိုင်ငံများသည် ခရု၊ ကမာ၊ ဂုံးမွေးမြူရေးလုပ်ငန်း များကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့ နိုင်ငံများအတွင်း စားသုံးသည့် ဈေးကွက်များ ကျယ်ကျယ်ပြန့် ပြန့်ရှိယုံသာမက  ပြည်ပဈေးကွက်များသို့ ရေထွက်ပို့ကုန် ပစ္စည်းတစ်မယ်အဖြစ် တင်ပို့ရောင်းချလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါရေသတ္တဝါများကို သဘာဝ မှသာ ဖမ်းယူစားသုံးကြ ခြင်းဖြစ်သည်။ အခြားနိုင်ငံများကဲ့သို့ ပင်လယ်ကမ်းရိုးတန်းဒေသများတွင် စနစ်တကျ မွေးမြူရေး လုပ်ငန်းများ   ထူထောင်လုပ်ကိုင်နိုင်ပါက   နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်မည့် ရေထွက်ပို့ကုန် အမယ်တစ်မျိုး တိုး တက်ဖြစ်ထွန်းလာမည်ဖြစ်ကြောင်းနှင့် ခရု၊ ကမာနှင့် ဂုံးမွေးမြူ ရေးလုပ်ငန်းသည် အစာကျွေးရန် မလိုအပ်သည့် မွေးမြူရေး လုပ်ငန်းဖြစ်ကြောင်း  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရ သည်။

 

ခိုင်သဉ္ဇာဦး၊ (မြှင့်တင်၊ပြည်တွင်း-ရန်ကုန်)