Main menu

Background

ပြည်ဆန်ဈေး၊ စပါးဈေး ဆက်လက်ဈေးမာခဲ့

Thu, 05/21/2015 - 20:37 -- journal_editor

အတွဲ(၁၅)အမှတ်(၁၈)

ပြည်ဆန်ပွဲရုံများမှာ မေလ ဒုတိယပတ်ရဲ့ ဆန်ဈေးနှုန်းတွေဟာ ဆက်လက်ပြီး တက်နေတာ တွေ့ရပါတယ်။ ဆန်စက်များ တွင်ပင် မြို့ပေါ်အရောက်စပါးပေါက်ဈေးတွေကို ဈေးတက်ပေးဝယ်နေတာကို တွေ့ရပါတယ်။  ယခင်အပတ်တောင်ပျံမွှေးစပါးတင်း (၁၀၀) ၄၆ ပေါင်ကိုက်နဲ့ ၆၈၀၀၀၀ ကျပ်ပေါက်ခဲ့ရာမှ ယခုတစ်ပတ်တွင်တော့ မြို့ပေါ်အရောက် ပေါက်ဈေး ၆၉၉၂၀၀ ကျပ်ဖြင့် ဈေးဖွင့်ကာ ဝယ်နေကြောင်း စပါးကုန်သည်တစ်ဦးက ဆိုပါတယ်။ တောင်ပျံမွှေးနယ်ပို့ (ထိပ်စ) တစ်အိတ်ဈေး ၃၅၀၀၀ ကျပ်ဖြင့် ဈေးငြိမ်ကာ အရောင်းအဝယ်ဖြစ်ပြီး ရန်ကုန်သို့ တစ်ပတ်ကို နှစ်ကြိမ် တစ်ရက် အိတ် ၅၀၀ ကျော်ထိ တင်ပို့ရကြောင်း သိရပါ တယ်။
ဧည့်မထစပါးဈေးလည်း အနည်းငယ်မြင့်တက်လာပါတယ်။ တင်း (၁၀၀) ၄၆ ပေါင်ကိုက်ဈေး ၄၇၈၄၀၀ ကျပ်ပေါက်ပြီး၊ ဆန်တစ်အိတ်ဈေးကတော့ ၁၉၀၀၀ ကျပ်နဲ့ ရန်ကုန်တင် (ထိပ်စ) ဈေးကတော့ ၂၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်ကာ အရောင်းအဝယ် ဖြစ်နေပါတယ်။  ရန်ကုန်၊ မန္တလေးသို့ အတင်ရှိပြီး မူဆယ်ဈေးဘက်မှလည်း အရောင်းအဝယ်ဖွင့်ကာ ဝယ်ယူမှုရှိတာကြောင့် အရောင်းအဝယ်သွက်နေကြောင်း သိရပါတယ်။
စပါးဈေးတွေ  မြင့်တက်ပြီး ဆန်ဈေးတွေ ပုံမှန်ဈေးဖြစ်နေပေမယ့် နယ်တင်ပို့မှုရှိတာကြောင့် ဆန်ကုန်သည်တွေအနေနဲ့ တွက်ခြေကိုက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပြည်နွေစပါးများ လှိုင်လှိုင်မပေါ်သေးပေမယ့် နွေစပါး ကောင်း၊ စပါး သန့်များကိုတော့ တင်း (၁၀၀) ၄၆ ပေါင်ကိုက်ဈေး ၄၁၄၀၀၀ ကျပ်ဈေးဖွင့်ဝယ်ယူနေကြောင်း သိရပါတယ်။   
   နီနီဝင်း-ပြည်