Main menu

Background

သီးနှံမျိုးစုံရဲ့အရောင်းအဝယ် အလင်္ကာ

Thu, 05/28/2015 - 21:10 -- journal_editor

အတွဲ(၁၅)အမှတ်(၁၉)

ပခုက္ကူကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ကုန် ပစ္စည်းများကတော့ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ကုလားပဲဝါ၊ ကုလား ပဲဖြူ၊စွန်တာနီ(ကျွန်း)၊ ပဲဇီးကွက်၊ ပြောင်းဖူးစေ့ (ဃဏ) နှမ်း ရောင်စုံ  စသည်ဖြင့် အနည်းဆုံးအရောင်းအဝယ် ဖြစ်နေတာကိုတွေ့ရပါတယ်။  ကုန်စည်ဒိုင်မှာ   ပစ္စည်းအစုံ အရောင်း အဝယ်ဖြစ်တာဆိုတော့ ဒိုင်တစ်ခုရဲ့ အင်္ဂါနဲ့ညီစွာ မင်္ဂလာ အပေါင်းခညောင်းနေတယ်လို့ ဂုဏ်ယူဝင့်ကြွားစွာပြောရမှာ ပါ။ သီးနှံတစ်ခုချင်းအနေအထားကို ပြန်ကြည့်ရ အောင်ပါ။ပဲစင်းငုံ (နီ) နောက်ဆုံးဈေးတစ်ပိဿာ ၁၉၂၅ ကျပ်၊ တစ်တင်း ၃၈၅၀၀ ကျပ် ဈေးအမြင့်ဆုံးဖြစ်နေတာကို တွေ့ရပါ တယ်။ဇန်နဝါရီလ ပစ္စည်းလှိုင်လှိုင်ပေါများနေတုန်းက တစ် ပိဿာ ၁၂၁၅ ကျပ်၊ တစ်တင်း ၂၄၃၀၀ ကျပ်ကနေ ကြားကာလအတွင်းမှာ ဈေးနှုန်းအတက်အကျလှိုင်းစီးပြီး ၊ အမြင့် ဆုံးအနေအထားကို ရောက်ရှိနေတာကိုတွေ့ရပါတယ်။ အပြင်လောကမှာလည်း တစ်တင်း ၄၀၀၀၀ ကျပ်ရမှ လွှတ်မယ်ဆိုတဲ့ အနေအထားများလည်းကြားနေရပါတယ်။ ပစ္စည်းထွက်ရှိမှုအနည်းအများ၊ဝယ်လိုအားရဲ့တောင်းဆိုမှု ဈေးကွက်ဆိုတာ တွေကြောင့် ဈေးနှုန်းဆက်လက်မြင့်တက်နေတယ်လို့ပြောရမလိုပါ။ပစ္စည်းလက်ကျန်လည်း မြို့ပေါ်မှာ တော်တော် နည်းနေပြီလို့  သိရပါတယ်။ဒီနှစ်တော့ ဇာတ်လိုက်ကျော်ပဲစင်းငုံနဲ့ ကပြအသုံးတော်ခံမှု အနေအထား ကတော့ ဇာတ်ရဲ့ အထွဋ်အထိပ်ကို  ရောက်နေတယ်လို့ပြောရမှာပါ။ ပဲစင်းငုံရဲ့ဇာတ်သိမ်းမှာ လွမ်းခန်းနဲ့ ဇာတ်မသိမ်း စေလိုဘဲ ပေါင်းခန်းနဲ့ ဇာတ်သိမ်းကြပါစေလို့ ဆုတောင်းပေးရတော့မလိုပါ။ပဲတီစိမ်းကြီး နောက်ဆုံးဈေးတစ်ပိဿာ ၁၉၆၅ ကျပ်၊ တစ်တင်း ၃၉၃၀၀ ကျပ်ပါ။ အမြင့်ဆုံးဈေးတစ်ပိဿာ ၂၀၆၀ ကျပ်၊တစ်တင်း ၄၁၂၀၀ ကျပ်ဈေးကနေ ပြန်ဆင်းလာတာပါ။ ပြန်ဆင်းလာတယ်လို့သာ  ပြောရတာပါ။ ဈေးဟာအမြင့်ဆုံးအနေအထားတစ်ခုမှာ  ခေါင်းမော့ရင်ကော့ လက်မထောင် နေတယ်လို့ပြောရမှာပါ။ တာဝန်ရှိသူတွေလည်း ပြောနေကြ ပါပြီ။
ပစ္စည်းရဲ့ ရောင်းလိုအား၊ ဝယ်လိုအားကွာဟမှုကြောင့် ဥပမာ-ဝယ်လိုအားများနေလို့ ဈေးကိုင်ထားတယ်။ ရေရှည်မှာဈေးကွက်ပျောက်မှာတောင် စိုးရိမ်ရတယ်ဆိုတဲ့ အနေအထား ပြောနေကြပါပြီ။ ဒီပစ္စည်းကိုကိုယ့်ရောင်းဝယ်ဖက် ဆက်ဆံနေကျဖောက်သည်နိုင်ငံကို ပုံမှန်ရောင်းတယ်။ ဒီနှစ်အနေ အထား ရောင်းလိုအားထက် ဝယ်လိုအားများနေတယ်။ ဈေးကိုင်ရတယ်။ ကိုယ်လိုပဲ ထွက်ရှိတဲ့နိုင်ငံက ဈေးနှုန်းလျော့ပြီး ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်လာရင် ဒါမဖြစ်နိုင်ဘူးလို့ပြောလို့မရဘူး။ ကြား၊ သိ၊ ဖတ်၊ မှတ်နေရတဲ့သတင်းတွေအရ အီသီယိုးပီးယားလိုနိုင်ငံတောင်  ပဲတီစိမ်းကိုစိုက်ပျိုးနေပြီး ကမ္ဘာ့ပဲတီစိမ်းဈေးကွက်ကို ထိုးဖောက်ဝင်ရောက် နေတယ်ဆိုတာ သိနေရတယ်။ ဒီအခြေအနေမှာ ဈေးကွက်မပျက်ဖို့၊ ဖောက်သည်မပျက်ဖို့ဆိုတာတွေ ထည့်သွင်းစဉ်းစားကြရမှာပါ။ ဘာပဲ ပြောပြော ပဲတီစိမ်းဈေးနှုန်း သွက်လက်  ပန်းပန်နေတယ်ပြောရမှာပါ။ကုလားပဲဝါ နောက်ဆုံးဈေးတစ်ပိဿာ ၁၁၃၁ ကျပ်၊ တစ်တင်း ၂၁၅၀၀ ကျပ်၊ ဇန်နဝါရီလထဲမှာ တစ်ပိဿာ ၇၄၇ ကျပ်၊တစ်တင်း ၁၄၂၀၀ ကျပ်ကနေ အမြင့်ဆုံးဈေးဖြစ်ပေါ် နေတာပါ။ ကုလားပဲဖြူ နောက်ဆုံးဈေး တစ်ပိဿာ ၁၁၂၁ ကျပ်၊တစ်တင်း ၂၁၃၀၀ ကျပ်၊ ဇန်နဝါရီလထဲမှာ တစ်ပိဿာ ၈၁၀ ကျပ်၊ တစ်တင်း ၁၅၄၀၀ ကျပ်၊ ကုလားပဲဈေးနှုန်းများကျလို့ဒုက္ခဖြစ်နေတာ၊ သုံးနှစ်ကျော်၊ လေးနှစ်နီးပါးရှိပြီဆိုတာ မှတ် တမ်းများအရ   သိရပါတယ်။ အရောင်းအဝယ်က ဈေး မကောင်း၊သီးနှံကပိုးကြိုက်တဲ့သီးနှံဆိုတော့ သိုလှောင်ရုံထဲမှာ ပိုးတွေကျ၊ သီးနှံကဈေးရှုံး၊  သိုလှောင်ရုံခ၊ ပိုးတားခတွေကိုတွေ့ကြုံခဲ့ရတာဆိုတော့ ခေါင်းမဖော်နိုင်ခဲ့ရာက ဒီနှစ်တော့ သိုလှောင်သူတွေကို အကျိုးပြုတဲ့ ကုလားပဲလို့ပြောရမှာပါ။စွန်တာနီ (ကျွန်း) နောက်ဆုံးဈေး တစ်ပိဿာ ၆၇၈ ကျပ်၊ တစ်တင်း  ၁၂၄၀၀ ကျပ် သူ့ကိုတော့ ပုံမှန် အရောင်းအဝယ်ဖြစ်တယ်လို့ သတ်မှတ်ရမှာပါ။ ပဲဇီးကွက်တစ်ပိဿာ ၆၇၅ ကျပ်၊ တစ်တင်း ၁၃၅၀၀ ကျပ်၊ ပုံမှန်လေး တက်လိုက်၊ကျလိုက်ရှိနေတာကို တွေ့ရပါတယ်။ ပြောင်းဖူးစေ့ ဃဏ တစ် ပိဿာ ၄၃၈ ကျပ်၊ တစ်တင်း ၇၉၀၀ ကျပ်၊ ဈေးအတက်အကျအနည်းငယ်ရှိပြီး တရုတ်ဝယ်လက်ကြက်စာသမားများ အဆွဲ များလျက်ရှိနေတာကို တွေ့ရပါတယ်။နှမ်း(ဂွနက်)တစ်ပိဿာ ၁၉၅၃ကျပ်၊ တစ်တင်း ၂၉၃၀၀ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၉၇၃ ကျပ်၊ တစ်တင်း ၂၉၆၀၀ ကျပ်နည်းနည်းစီဝင်ရောက်ပြီး လှောင်လက်၊ ဆီကြိတ်စက် များ ဆွဲနေကြပြီး ဈေးမြောက်နေတာကို တွေ့ရပါတယ်။ ခြုံငုံသုံးသပ်ရရင်တော့ အရောင်းအဝယ်ဖြစ်နေတဲ့ သီးနှံတော် တော်များများဟာ အတက်ဘက်မှာ ရှိနေတာကိုတွေ့ရပါတယ်။ဈေးကွက်ရဲ့ တောင်းဆိုမှု၊ လိုအပ်ချက်၊ ပစ္စည်းထွက်ရှိမှုဆိုတာ တွေဟာ အရောင်း အဝယ်ရဲ့အလင်္ကာတွေပါ။
အလင်္ကာဆိုတာ လှပမှုကို တန်ဆာဆင်တဲ့သဘောပါ။ အလင်္ကာရဲ့နောက်မှာ ပရိယာယ် ဆိုတာရှိနေလေတော့ သတိထားဆင်ခြင်ကြရပါလိမ့်မယ်။  ဘာပဲပြောပြော ယခုအနေ အထား၊ အရောင်းအဝယ်ရဲ့ အလင်္ကာမြောက်နေတယ်လို့ပြောရမှာပါ။
မြင့်ဦး-ပခုက္ကူ