Main menu

Background

အိန္ဒိယနိုင်ငံမှ မြန်မာ့မတ်ပဲများအား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ ဝယ်ယူတင်သွင်းသွားမည်

Thu, 11/12/2020 - 12:27 -- journal_editor

အိန္ဒိယနိုင်ငံ၊ ပြည်တွင်းစျေးကွက်အတွင်း ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် အခြေခံစားသောက်ကုန်များ၏ စျေးကွက်လိုအပ်ချက်ဖြည့်စည်းမှုနှင့် စျေးနှုန်းတည်ငြိမ်ရေး စီမံဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ၃၀-၁၀-၂၀၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အိန္ဒိယပြည်တွင်းဈေးကွက်၌ လတ်တလောကာလတွင် ကြက်သွန်နီနှင့်အာလူးတို့၏ ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ ဈေးကွက်လိုအပ်ချက်ကိုဖြည့်ဆည်းလျက် ဈေးနှုန်းတည်ငြိမ်ရန် ဆောင်ရွက်မှုနှင့်အတူ ပဲမျိုးစုံဈေးကွက်တည်ငြိမ်မှုရှိစေရေးအတွက်လည်း အိန္ဒိယနိုင်ငံအစိုးရသည် မိုဇမ်ဘစ် နိုင်ငံနှင့် အစိုးရချင်းသဘောတူလက်မှတ်ရေးထိုးထားသည့် ပဲစင်းငုံနှင့် အခြားပဲများ ဝယ်ယူရေး နားလည်မှုစာချွန်လွှာကို နောက်ထပ် ၅ နှစ် သက်တမ်းတိုးလျက် နှစ်စဉ်တန်ချိန် ၂ သိန်း ဝယ်ယူ တင်သွင်းမည်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံထံမှလည်း နှစ်စဉ် မတ်ပဲတန်ချိန် ၂ သိန်း ၅ သောင်း ကိုလည်း အစိုးရချင်း G to G နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကာ ၅ နှစ်တာကာလအထိ တင်သွင်းမည်ဖြစ်ကြောင်းဖြင့် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် စားသုံးသူ‌ရေးရာ၊ အစားအစာနှင့် ပြည်သူ့ဖြန့်ဖြူးရေးဝန်ကြီးဌာနတို့၏ ဝန်ကြီးဖြစ်သူ Mr. Piyush Goyal က ပြောကြားခဲ့ပါသည်။

            မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပဲစဉ်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းရောင်းဝယ်မှု ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာအား G to G လက်မှတ်ရေးထိုးနိုင်ရန် နှစ်နိုင်ငံအကြား ၂၀၁၆ ခုနှစ်မှစတင်၍ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ တင်ပြချက်အရ ပဲစဉ်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းရောင်းဝယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှု စာချွန်လွှာ (မူကြမ်း)အား အိန္ဒိယနိုင်ငံဘက်သို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလကတည်းကပင် အဆိုပြုပေးပို့ထားခဲ့ ပါသည်။

            ဆက်လက်၍ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ရန်ကုန်မြို့အခြေစိုက် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးမှု များ၌လည်း မိမိတို့ဘက်မှ ပေးပို့ထားသည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကို ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

            ယခုအခါ အိန္ဒိယနိုင်ငံ၊ စားသုံးသူရေးရာ၊အစားအစာနှင့် ပြည်သူ့ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Piyush Goyal ၏ ပြောကြားချက်အရ မြန်မာနိုင်ငံထံမှ နှစ်စဉ် မတ်ပဲတန်ချိန် ၂.၅ သိန်း အား ၅ နှစ်တာကာလအထိ တင်သွင်းနိုင်ရန်အတွက် နှစ်နိုင်ငံအကြား G to G နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး အိန္ဒိယနိုင်ငံဘက်နှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

 ကေကေ  (နှစ်နိုင်ငံ)