Main menu

Background

ဘစ်ဆာကာကို ခေါ်ယူရန် ရိုးမားအသင်း ပြင်ဆင်နေ

Fri, 05/20/2022 - 13:04 -- journal_editor

အီတလီ စီးရီးအေကလပ် ရိုးမားအသင်းသည် မန်ယူအသင်းမှ အင်္ဂလန် လက်ရွေးစင် နောက်ခံကစားသမား ဘစ်ဆာကာကို ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။ရိုးမားအသင်းနည်းပြ  မော်ရင်ဟိုက "ကျွန်တော်တို့အသင်းရဲ့ ခံစစ်ပိုင်းမှာ ဒေါင်ဒေါင်မြည် ကစားသမား လိုအပ်နေပါတယ်။ လက်ရှိ စီးရီးအေပွဲစဉ်(၃၅)ပြီးဆုံး ချိန်မှာ အသင်းရဲ့ တိုက်စစ်ပိုင်းက သွင်းဂိုး ၅၅ ဂိုး ရရှိထားပေမယ့် ခံစစ်ပိုင်းက ပေးဂိုး ၄၀ အထိ ရှိထားပါတယ်။ ဒါဟာ အသင်းကြီးတစ်သင်းအနေနဲ့ ဘယ်လိုမှ မဖြစ်သင့် တဲ့ အနေအထားပါ။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့အသင်းဟာ ခံစစ်ပိုင်း အားနည်းနေသေးတယ်ဆိုတာကို မြင်တွေ့ရမှာပါ။ အေစီမီလန်၊ အင်တာမီလန်၊ နာပိုလီနဲ့ ဂျူဗင်တပ်တို့လို အသင်းတွေက ပေးဂိုး ၃၀ ပတ်ဝန်းကျင်သာ ရှိနေချိန် မှာ ကျွန်တော်တို့ ရိုးမားအသင်းက ဂိုး ၄၀ ရှိနေပါပြီ။ ပြီးတော့ ခံစစ်ပိုင်း ပြိုဆင်းနေတာကြောင့် ဒီနှစ်ရာသီမှာ ကျွန်တော်တို့အသင်း ချန်ပီယံလိဂ်ဝင် ခွင့်နဲ့ဝေးကွာရပါတော့မယ်။ လာမယ့်ရာသီမှာလည်း ယူရိုပါလိဂ်သာ ကစား ရတော့မှာပါ"ဟု ပြောဆိုခဲ့သည်။ရိုးမားအသင်းသည် ဘစ်ဆာကာကို ခေါ်ယူရန် စိတ်ဝင်စားနေသည် ဟုဆိုသော်လည်း တရားဝင်ကမ်းလှမ်းမှု မရှိသေးသလို ပြောင်းရွှေ့ကြေး မည်မျှဖြင့် စတင်ကမ်းလှမ်းမည်ဆိုသည်ကိုလည်း သတင်းတွင် ဖော်ပြထား ခြင်းမရှိပေ။ ရိုးမားအသင်းသည် အီတလီ စီးရီးအေ ပွဲစဉ်(၃၅)အပြီးတွင် ရမှတ် ၅၉ မှတ်ရရှိပြီး အဆင့်(၅)နေရာတွင် ရပ်တည်နေသည်။ ထို့ပြင် ရိုးမား အသင်းသည် စတုတ္ထနေရာမှ  ဂျူဗင်တပ်အသင်းနှင့် ၁၀ မှတ်တိတိ  ကွာဟနေ ခြင်းကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်  မျှော်လင့်ချက် ပျောက်ဆုံးခဲ့ပြီဖြစ်သလို ယူရိုပါ လိဂ်ဝင်ခွင့်အတွက်လည်း လာဇီယို၊ ဖီအိုရင်တီးနား၊ အတ္တလန္တာအသင်းတို့နှင့် အားပြိုင်နေရသည်။