Main menu

Background

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသထွက် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေ

Fri, 05/20/2022 - 12:44 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည်နှင့်အညီ  နိုင်ငံတွင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများအနေဖြင့်လယ်ယာမြေများတွင် သီးနှံသီးထပ်၊သီးညှပ်စိုက်ပျိုးခြင်းဖြင့်  အသက်မွေးဝမ်းကျောင်းပြုခြင်းကိုအဓိက ဆောင်ရွက်လျက်ရှိကြသည်။ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်မိုင်းတုံမြို့နယ်နှင့် ပုံပါကျင်မြို့နယ်ခွဲတို့တွင်လည်း မိုးရာသီကုန်ဆုံးချိန်စပါးရိတ်သိမ်းပြီးထားသောလယ်ယာမြေများပေါ်တွင် သီးနှံသီးထပ်၊သီးညှပ်အနေဖြငကြက်သွန် ဖြူ(ရှမ်းခွံနီ)ကိုစိုက်ပျိုးကြပြီး နှစ်စဉ်မတ်လနှင့်ဧပြီလတို့တွင် ရိတ်သိမ်းကြသည်။မြန်မာနိုင်ငံတွင် အများဆုံးစိုက်ပျိုးကြသော ကြက်သွန်ဖြူမျိုးသုံးမျိုးရှိသည်။၎င်းတို့မှာ ရှမ်းခွံနီမျိုး၊ရှမ်းခွံဖြူမျိုးနှင့်တရုတ်မျိုး(ကြူကုတ်)တို့ဖြစ်ကြသည်။ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ်နှင့်ပုံပါကျင်မြို့နယ်ခွဲတို့တွင် စိုက်ပျိုးသောကြက်သွန်နီမျိုးမှာ ရှမ်းခွံနီမျိုးဖြစ်သည်။မိုင်းတုံမြို့နယ်နှင့်ပုံပါကျင်မြို့နယ်ခွဲတို့သည် ယခုနှစ်တွင် ကြက်သွန်ဖြူစိုက်ဧကပေါင်း ၁၄၅၅ ဧကရှိခဲ့ပြီးဧပြီလတတိယပတ်အထိ၁၄၀ဝဧက ရိတ်သိမ်းပြီးဖြစ်ကြောင်းသိရသည်။ကြက်သွန်ဖြူ(ရှမ်းခွံနီ)ကိုစပါးရိတ်သိမ်းပြီးသောလယ်မြေများတွင်မြေပြုပြင်၍ စိုက်ပျိုးကြသည်။စပါးရိတ်သိမ်းပြီးမြေအစိုဓာတ်မပျောက်ခင်ရိုးပျက်များကိုခုတ်ဖြတ်ရသည်။ ထို့နောက် ၁၀ပေခြားရေသွင်းမြောင်းများတူးကာ ဘောင်ပြုလုပ်ပေးရသည်။ပြုလုပ်ထားသောမြေဘောင်များကိုရေသွင်းကာစက်ဖြင့်မြေဖွပေးပြီး ကြက်သွန်ဖြူအမြွှာများကို ထိုးစိုက်ကာစိုက်ပျိုးကြသည်။စိုက်ပျိုးပြီးသောမြေဘောင် များကို ကောက်ရိုးများဖြင့် မထူမပါးဖုံးအုပ်ပေးရသည်။စိုက်ပျိုးထားသောကြက်သွန်ဖြူဘောင်များကိုခုနစ်ရက်ခြားတစ်ကြိမ်ခန့် ရေသွင်းပေးရသည်။အပင်ပေါက်များကြီးထွားလာပါက ရွက်ဖျန်းအားဆေးကိုရေသွင်းပြီးတစ်ပတ်တစ်ကြိမ် သို့မဟုတ် နှစ်ပတ်တစ်ကြိမ် အပင်၏လိုအပ်ချက်အလိုက်ဖျန်းပေးရသည်။ကြက်သွန်ဖြူ(ရှမ်းခွံနီ)တစ်ဧက၏ စိုက်ပျိုးကုန်ကျစရိတ်မှာ ၁၈ သိန်းခန့်ရှိပြီးအထွက်နှုန်းမှာတစ်ဧက ၁ဒသမ ၇၁၆ တန်ခန့် ထွက်ရှိသည်ဟုမိုင်းတုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရသည်။ယခုနှစ် တာချီလိတ်ကြက်သွန်ဖြူအဝယ်ဒိုင်များသည်ကြက်သွန်ဖြူ(ရှမ်းခွံနီ)အသစ် တစ်ကီလိုကို ၂၀ဝ၀ ကျပ်မှစတင်၍ ဈေးဖွင့်ဝယ်ယူနေသည်။ယခင်နှစ်ကကြက်သွန်ဖြူ(ရှမ်းခွံနီ) အသစ်စပေါ်ချိန်တွင် တစ်ကီလို ၁၉၀ဝကျပ်ဈေးရရှိပြီး နောက်ပိုင်းကာလများတွင်တစ်ကီလို ၂၁၀ဝ ကျပ် အထိ ဈေးပေါက်ခဲ့ကြောင်း ဟောင်လိတ်ကြက်သွန်ဖြူအဝယ်ဒိုင် (တာချီလိတ်မြို့)မှ သိရှိရသည်။ယခုနှစ် ကြက်သွန်စိုက်တောင်သူများသည် စိုက်ပျိုးစရိတ်နှင့်သယ်ယူစရိတ်နုတ်ပြီး တစ်ဧကအကျိုးအမြတ် ၁၄ သိန်းခန့် ရရှိနေသည်။ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသထွက်ကြက်သွန်ဖြူများကို ဒေသတွင်းစားသုံးရန်နှင့် ထိုင်းနိုင်ငံသို့တင်ပို့ရန် အဓိကထားစိုက်ပျိုးကြသည်။တာချီလိတ်အဝယ်ဒိုင်များမှ  ဝယ်ယူထား သော ကြက်သွန်ဖြူများကို ပြန်လည်သန့်စင်ပြီးမှ ထိုင်းနိုင်ငံသို့ တင်ပို့ကြသည်။၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ထိုင်းနိုင်ငံသို့ တာချီလိတ်(မယ်ယန်း)ကုန်သွယ်ရေးစခန်းမှတင်ပို့သော ကြက်သွန်ဖြူတန်ချိန် ၅၈၈၂တန်တင်ပို့ခဲ့ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ၅ဒသမ၁၈၁သန်းရှိခဲ့သည်ဟု ကုန်သွယ်ရေးဦးစီးဌာနမှ သိရှိရသည်။
မြင့်နောင်(DOCA-TCL)