Main menu

Background

ပြည်ပဲစျေးကွက်မှာ မတ်ပဲသီးနှံ စျေးလျော့သွားပြီးကျန်ပဲများစျေးကောင်းရလျှက်ရှိ

Wed, 10/28/2020 - 15:19 -- journal_editor

ပြည်မျိုးစုံစျေးကွက်အတွင်း ယခုတစ်ပတ်မှာ ပဲစျေးအချို့စျေးမြင့်တက်လျှက်ရှိသလို မတ်ပဲစျေးကတော့ စျေးလျော့သွားခဲ့တာကိုတွေ့ရပါတယ်။ ပဲဟောင်းလက်ကျန်များရောင်းချလျှက်ရှိပြီး ပဲတီစိမ်းသစ်အနည်းငယ် ၀င်ရောက်လာခဲ့ကြောင်းသိရပါတယ်။ လက်လီပဲစျေးကွက်မှာတော့ ထောပတ်ပဲသီးနှံသာ စျေးနိမ့်ခဲ့ပြီး ကျန်ပဲ များစျေးမြင့်တက်လျှက်ရှိခဲ့ကြပါတယ်။

မတ်ပဲ

            မတ်ပဲသီးနှံမှာ ယခုလကုန်ပတ်အတွင်း တဖြည်းဖြည်းစျေးလျော့လာခဲ့တာကြောင့် တစ်တင်း ၃၇၅၀၀ ကျပ်ဖြင့်သာ အရောင်းအ၀ယ်ဖြစ်ခဲ့ကြပါတယ်။ လှောင်ပဲအချို့ရှိနေသော်လည်း ရက်ခြား၀ယ်ယူမှုရှိတာကြောင့် အရောင်းအ၀ယ်ဖြစ်သည့်ရက်တွင် အိတ် ၂၀၀ ကျော်ရောင်းချမှုရှိခဲ့ကြပါတယ်။ တစ်ချို့လှောင်လက် သမားများ ကလည်း မျိုးပဲအ၀ယ်လိုက်ချိန်စျေးကောင်းရမလား၊ ဆက်လက်စောင့်ပြီး မရောင်းချသေးဘူးလို့သိရပါတယ်။ မျိုးပဲအ၀ယ်လှိုင်ချိန် နို၀င်ဘာ၊ ဒီဇင်ဘာလများတွင် စျေးဆက်လက်မြင့်တက်လာမည်ဆိုပါက ယခုနှစ် မတ်ပဲစျေးကွက်စျေးကောင်းရနေတဲ့နှစ်ဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ ယခင်နှစ်ကမျိုးပဲရာသီချိန်တွင် မတ်ပဲ တစ်တင်း ၃သောင်းကျပ်အထိရရှိခဲ့တာကိုလည်းလေ့လာသိရှိရပါတယ်။

ပဲတီစိမ်း

            ပြည်ပဲစျေးကွက်အတွင်းသို့ ဆောင်းပဲတီစိမ်းအသစ် အနည်းငယ်စတင် ၀င်ရောက်လာပြီ ဖြစ်ကြောင်း သိရပြီး ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်းနယ်ဖတ်မှ၀င်ရောက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ ပဲတီစိမ်း အသစ်စျေးအနေဖြင့် တစ်တင်း ၄၀၀၀၀ ကျပ်ဖြင့် ရောင်း၀ယ်ခဲ့လို့ ယခင်နှစ်ကပဲသစ်ပေါ်ချိန် ရရှိခဲ့သော စျေးထက်စျေးပိုရရှိလာခဲ့ကြောင်းသိရပါတယ်။ ယခင်နှစ်ကပဲသစ်အဖွင့်စျေးမှာ တစ်တင်း ၃၇၀၀၀ကျပ် ရရှိခဲ့တဲ့ အတွက် ယခုနှစ်မှာတစ်တင်း ကျပ် ၃ထောင်ခန့် ပိုရနေခဲ့ပါတယ်။

ကုလားပဲနှင့် ပဲကြီး

            ပဲစျေးကွက်အတွင်း နေ့စဉ်အရောင်းအ၀ယ်ဖြစ်နေတဲ့ ကုလားပဲနှင့် ပဲကြီးသီးနှံများကတော့ အရည် အသွေးလိုက်၍ စျေးကွာခြားမှုရှိခဲ့ကြပါတယ်။ ကုလားပဲသီးနှံမှာ ဟော်လန်နှင့် မြကြေမှုံပဲအမျိုးအစားက တစ်တင်း ၃၁၅၀၀ ကျပ်၊ V2 ပဲအမျိုးအစားမှာ တစ်တင်း ၃၁၀၀၀ကျပ်တို့ဖြင့် ရောင်း၀ယ်နေသလို ပဲခွဲစက်သမား ပုံမှန်အ၀ယ်ရှိလို့ နေ့စဉ်အိတ် ၂၀၀ ပတ်၀န်းကျင် ရောင်းချမှုဖြစ်ခဲ့ပါတယ်။ ပဲကြီးသီးနှံစျေးကတော့ (ရွှေကျွန်း) တစ်တင်း ၃၆၀၀၀ ကျပ်၊ (ကမ်းနား)တစ်တင်း ၃၃၀၀၀ ကျပ်တို့ဖြင့် ယခင်အပတ်ထက် စျေးအနည်းငယ် ပိုရလာပြီး ပဲကြော်ဖိုသမားများ ၀ယ်ယူခဲ့ပြီး နေ့စဉ် အိတ် ၁၅၀/၂၀၀ ခန့် ရောင်း၀ယ်မှုဖြစ်ခဲ့ကြောင်းသိရ ပါတယ်။

ဘိုကိတ်၊ ပဲလွန်းဖြူ

            လက်လီပဲစျေးကွက်မှာတော့ ဘိုကိတ်နှင့် ပဲလွန်းဖြူသီးနှံ လက်ကျန်အနည်းငယ်သာရှိလို့ အိတ်အနည်း ငယ် ရောင်း၀ယ်ခဲ့ရပြီး ပဲစျေးကတော့ စျေးအမြင့်ဖြင့် တစ်တင်း ၅သောင်းကျပ်ဖြင့် အသီးသီးရောင်း၀ယ် နေခဲ့ရတယ်လို့ သိရပါတယ်။ ယခုနှစ်အတွင်း လက်လီပဲစျေးကွက်မှာ ပဲစျေးနှုန်းများမြင့်တက်လျှက်ရှိလို့ လက်ကားအရောင်းအ၀ယ်ဖြစ်သော မတ်ပဲ၊ ပဲစဉ်းငုံသီးနှံများ ထက်ပင်စျေးကောင်းခဲ့ကြောင်း လေ့လာသိရှိရ ပါတယ်။

ခင်ဆွေ၀င်း(ပြည်)