အတွဲ(၁၅)အမှတ်(၇)
ရှမ်းနနွင်းအသစ်တွေလည်း ဈေးကွက်မှာစပြီးဝင်လာစပြုနေပါပြီ။ မတ်လ ကုန်၊ ဧပြီလဆိုရင်တော့ လှိုင်လှိုင်ကြီးဝင်လာတော့မှာဖြစ်ပါတယ်။ အရင်နှစ်တွေက နနွင်းရောင်းအားက လုံးဝမကောင်းခဲ့ပါဘူး။ ပြည်တွင်းသုံးအတွက်သာ အဝယ်ရှိ ပြီး၊ နနွင်းစိုက် တောင်သူတွေကလည်း နနွင်းက အလုပ်မဖြစ်တာကြောင့် တခြား သီးနှံတွေကိုပြောင်းပြီး အရောင်းအဝယ်လုပ်ခဲ့ရပါတယ်။ ၂၀၁၄ နှစ်ကုန်ပိုင်းခန့်က စပြီး အရောင်းအဝယ် နည်းနည်းသွက်လာသလို ဒီနှစ်မှာလည်း အရောင်းအဝယ် က ပုံမှန်ဖြစ်နေပါတယ်။
ဟိုပုံးနနွင်းလည်း ဒီတစ်ပတ်ကစပြီး ဈေးကွက် ကိုဝင်လာပါတယ်။ ရာသီဥတု ကြောင့် (ဥ) နှုန်းနည်းပြီး ၊ သိပ်လည်း မထွက်ဘူးလို့ ဒေသခံတွေထံက သိရပါတယ်။ ဟိုပုံးနနွင်းအသစ်က တစ်ပိဿာကို ၁၀၀၀ ကျပ် ပတ်လည်ဈေးရှိနေပါတယ်။ လက် ကျန်နနွင်းဟောင်းတွေလည်း ပိဿာချိန် ၁ သိန်းကျော်ခန့် ကျန်ရှိနေသေးတယ် လို့လည်းသိရပါတယ်။ အခုနောက်ပိုင်းမှာ နနွင်းကို ကျန်းမာရေးအတွက် အထောက် အကူပြုတဲ့ သီးနှံအဖြစ်လူသိများလာလို့၊ ဆေးဝါးကုန်ကြမ်းအဖြစ် အသုံးပြုဖို့ အတွက် ပြည်တွင်း၊ ပြည်ပကပါ ဝယ်ယူမှုရှိလာပါတယ်။
ဟိုပုံးနနွင်းကိုတော့ ရန်ကုန်နဲ့ တောင်ကုတ်ဝယ်လက်တွေက အဓိကဝယ်ယူ နေတယ်လို့လည်း သိရပါတယ်။ ဟိုပုံးနနွင်းကို ဝယ်သူတွေက အကြိုက်တွေ့ပါတယ်။ အရည်အသွေးကောင်းတာကြောင့် အသစ်က တစ်ပိဿာ ၁၀၀၀ ကျပ် ပတ်လည် မှာရှိပြီး အဟောင်းကတော့ ၁၄၇၅ ကျပ် ဈေးပေါက်နေပါတယ်။ ပင်လောင်းစ၊ အင်းလေးစတွေလည်း ထွက်နေပြီဖြစ်ပေမယ့် ဝယ်သူတွေက အကြိုက်သိပ်မတွေ့ ပါဘူး။ ပင်လောင်းစက အရည်အသွေးညံ့ပြီး အဝါ၊ အနီ၊ အပြာစတဲ့ အရောင်တွေ ထွက်လို့ အကြိုက်နည်းတာကြောင့် တစ်ပိဿာကို ၁၀၅၀ ကျပ်၊ အင်းလေးစကတော့ ၁၂၅၀ ကျပ်နဲ့ ဈေးပိတ်သွားတယ်လို့လည်း သိရှိရပါတယ်။
ဧဧခိုင်-တောင်ကြီး