Main menu

Background

ငါန်းဇွန်မြို့နယ်တွင် ဆောင်းစိုက်ထောပတ်ပဲများ ရိတ်သိမ်း

Fri, 05/20/2022 - 12:32 -- journal_editor

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် ထောပတ်ပဲများ မတ်လ ဒုတိယပတ်မှစ၍ ထွက်ပေါ်နေပြီဖြစ်ကြောင်း  သိရှိရသည်။ အောက်တိုဘာ၊ နိုဝင်ဘာတွင် စိုက်ပျိုးခဲ့ပြီး မတ်လတွင် ထွက်ပေါ်လေ့ရှိကြောင်း သိရသည်။ မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်အနက်မှ အခြားသုံးမြို့နယ်သည် ထောပတ်ပဲကို မိုးနှင့်ဆောင်းနှစ်ရာသီစိုက်ပျိုးမှုရှိပြီး ငါန်းဇွန်မြို့နယ်သည် ထောပတ်ပဲကို ဆောင်းရာသီ၌သာ စိုက်ပျိုးမှုရှိကြောင်း သိရှိရသည်။ မြင်းခြံခရိုင်၏   ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းထောပတ်ပဲ စိုက်ပျိုးမှုဧကပေါင်းမှာ ၅၀၉၄ ဧကရှိပြီး ငါန်းဇွန်မြို့နယ်အနေဖြင့် ၂၅၁၀ ဧက စိုက်ပျိုးနိုင်ခဲ့သည်။ ငါန်းဇွန်မြို့နယ်သည် ထောပတ်ပဲကို ယာမြေနှင့် မြစ်ရေဝင်ရောက်ခဲ့သော  မြေနုကျွန်းများပေါ်တွင် စိုက်ပျိုးကြပြီးဆောင်းထောပတ်ပဲ  စိုက်ပျိုးမှုမှာ အခြားသောမြို့နယ်များထက် စိုက်ပျိုးမှုပိုများသည်ထောပတ်ပဲ  စိုက်ပျိုးမှုအနေဖြင့် နှစ်စဉ်   အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး၊မတ်လအတွင်း ရိတ်သိမ်းထွက်ရှိကြောင်း သိရသည်။ထောပတ်ပဲမျိုးဈေးမှာ ယခုနှစ်စိုက်ပျိုးရာသီတွင် တစ်ပြည်လျှင် ကျပ် ၃၀ဝ၀ နှုန်းရှိပြီး ယခင်နှစ်မျိုးဈေးမှာ တစ်ပြည်လျှင်ကျပ် ၂၀ဝ၀-၂၅၀ဝ ဝန်းကျင်များရှိခဲ့သည်။တစ်ဧကလျှင်  မျိုးခြောက်ပြည်နှုန်း တည့်သွင်းစိုက်ပျိုးကြသည်။ထောပတ်ပဲကို စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိပေါင်းသင်ခြင်း၊ ဆေးဖျန်းခြင်းအား တစ်ကြိမ်စီသာပြုလုပ်ကြပြီး  တစ်ဧကကုန်ကျစရိတ်အနေဖြင့် ကျပ် ၁၃၀ဝ၀ဝ ဝန်းကျင်သာကုန်ကျ၍ အပင်ပြုစုမှုနှင့်ကုန်ကျစရိတ်သက်သာသော သီးနှံတစ်မျိုးဖြစ်ကြောင်းဒေသခံတောင်သူများထံမှ သိရသည်။ထွက်ရှိလာသော  ပဲများကို မန္တလေးနှင့် မြင်းခြံမြို့များသို့ တင်ပို့ရောင်းချကြပြီး ယခင်နှစ်က ထောပတ်ပဲတစ်တင်းလျှင် ကျပ် ၃၀ဝ၀ဝ  ဝန်းကျင်ရှိခဲ့ပြီး ယခုနှစ်ဆောင်းစိုက်ထောပတ်ပဲများ စတင်ထွက်ပေါ်လျက်ရှိရာ တစ်တင်းလျှင် ကျပ် ၄၂၀ဝ၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ဈေးကောင်းရနေသောကြောင့် ထောပတ်ပဲစိုက်တောင်သူများအဆင်ပြေလျက်ရှိကြောင်း ငါန်းဇွန်မြို့နယ်ရေဇင်းအုပ်စုကံလှရွာရှိ ထောပတ်ပဲစိုက်တောင်သူများထံမှ သိရှိရသည်။
သင်းသင်းဆွေ (ငါန်းဇွန်)