အိန္ဒိယနိုင်ငံအစိုးရစားသုံးသူရေးရာ၊ စားနပ် ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာနသည်စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ တိုက်ရိုက်ရောင်းချခြင်းနည်းဥပဒေများကို ၂၀၂၁ ခုနှစ် ဒီဇင် ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ သည်။အဆိုပါ နည်းဥပဒေများ၌ တိုက်ရိုက်ရောင်းချ ခြင်းလုပ်ကိုင်သည့်ကုမ္ပဏီများနှင့် ၎င်းတို့၏အရောင်း ကိုယ်စားလှယ်များအနေဖြင့် ပိရမစ်ပုံစံရောင်းချခြင်း သို့မဟုတ် အဖွဲ့ဝင်သစ် စုဆောင်းမှုဖြင့် ငွေကြေးလည်ပတ်မှုပြု လုပ်ခြင်းကိုလုပ်ကိုင်ဆောင်ရွက်မှုမပြုရန်တားမြစ်ထားကြောင်း၊တိုက်ရိုက်ရောင်းချမှုလုပ်ကိုင်သူများသည် ပြည်တွင်း၌ အနည်းဆုံးအားဖြင့် တည်နေရာလိပ်စာတစ်ခုတွင်မှတ်ပုံတင်၍ ရုံးခန်းဖွင့်လှစ် ထားရှိရမည်ဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီများသည် ၎င်းတို့၏ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူသည့် စားသုံးသူများ၏နစ်နာမှုနှင့် တိုင်ကြားလာသည့်ကိစ္စ ရပ်များအပေါ် ကိုင်တွယ်ဖြေရှင်းမည့်စနစ်တစ်ရပ် အား ထူထောင်ထားရှိရမည်ဖြစ်ကြောင်း၊ထို့ပြင်၎င်းတို့ ၏ အရောင်းကိုယ်စားလှယ်များက ရောင်းချ သည့် ကုန်စည်နှင့်ဝန်ဆောင်မှုများမှ ဖြစ်ပေါ်လာသောစားသုံးသူများ၏ နစ်နာမှုကိုလည်း တာဝန်ခံရ မည်ဖြစ်ကြောင်း၊စားသုံးသူများ၏အခွင့်အရေးများ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် တိုက်ရိုက်ရောင်းချမှု လုပ်ကိုင်သည့်ကုမ္ပဏီများသည် ၎င်းတို့ရောင်းချသော ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ဈေးနှုန်းများ၊ ငွေပေးချေရမည့်ကာလ၊ငွေပေးချေမှုနည်းလမ်း၊ ကုန်စည် ပြန်လည်အပ်နှံမှု၊ကုန်ပစ္စည်းလဲလှယ်မှု၊ ငွေပြန် အမ်း ပေးမည့်မူဝါဒ၊ ရောင်းချပြီးနောက်ပိုင်း၌ ဝန်ဆောင်မှု ပေးမည့်စနစ် စသည့် အသေးစိတ်အချက်များကို အသိပေးဖော်ပြရမည်ဖြစ်ကြောင်း၊ ထို့ပြင်ကုမ္ပဏီများ သည် တိုက်ရိုက်ရောင်းချပေးသည့် ကိုယ်စားလှယ် များနှင့် အရောင်း စာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး၎င်းတို့ ကုမ္ပဏီ၏ကိုယ်စားလှယ်ဖြစ်ကြောင်းအသိအမှတ်ပြု သက်သေခံကတ်ပြားကို တည်နေရာလိပ်စာနှင့်တကွ ထုတ်ပေးထားရမည်ဖြစ်ကြောင်းဖော်ပြထားသည်။အိန္ဒိယနိုင်ငံ ရှိ ပြည်နယ်/ ပြည်ထောင်စု နယ်မြေ အစိုးရအဖွဲ့များအနေဖြင့် တိုက်ရိုက်ရောင်းချမှု လုပ် ကိုင်သည့် ကုမ္ပဏီနှင့်လူပုဂ္ဂိုလ်များ၏လုပ်ငန်းဆောင် ရွက်မှုများကို စောင့်ကြည့်ကြပ်မတ်ရန်အတွက် ယန္တ ရားတစ်ရပ်ကို ထူထောင်ထား ရှိရမည်ဖြစ်သည်။ ပြည် တွင်း၌ တိုက်ရိုက်ရောင်းချခြင်းကို လက်ရှိလုပ်ကိုင်နေ သော ကုမ္ပဏီများအနေဖြင့် စားသုံးသူရေးရာဝန်ကြီး ဌာန၏ အထက်ပါအမိန့်ကြော်ငြာစာအား အစိုးရ ဂေဇက်၌ ထုတ်ပြန်ဖော်ပြသည့်နေ့မှ ရက်ပေါင်း ၉၀အတွင်း နည်းဥပဒေ များနှင့် လျော်ညီမှုရှိအောင် ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်သည်ကမ္ဘာလုံးဆိုင်ရာ တိုက်ရိုက်ရောင်းချမှုလုပ်ငန်း ရှင်များအဖွဲ့ချုပ်၏ အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ တိုက်ရိုက်ရောင်းချမှု လုပ်ငန်းပမာဏသည် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၃ ဘီလီယံ (ရူပီးငွေကုဋေ ၂၂၅၀ဝ ခန့်) ရှိပြီး နှစ်စဉ် တိုးတက်မှုနှုန်း ၂၈ ဒသမ ၃ ရာခိုင်နှုန်းရှိ ကြောင်း၊ အမျိုးသမီးဦးရေ ၅၀ ရာခိုင်နှုန်းကျော် ပါဝင် သည့် အရောင်းကိုယ်စားလှယ် ၇ ဒသမ ၄ သန်းကျော် ရှိ သော အိန္ဒိယတိုက်ရိုက်ရောင်းချမှုလုပ်ငန်းနယ် ပယ် သည် ကမ္ဘာပေါ်၌ အလျင်မြန်ဆုံး တိုးတက်လျက်ရှိ သော ဈေးကွက်ဖြစ်ကြောင်း သိရှိရသည်။
နေအေးလွင်၊(စီးပွားရေးသံမှူး)
(မြန်မာသံရုံး၊ နယူးဒေလီမြို့)