Main menu

Background

ကုန်သွယ်မှုအခွင့်အလမ်း မြှင့်တင်ပေးမည့် လယ်ယာကဏ္ဍအသွင်ကူးပြောင်းမှု

Thu, 08/13/2026 - 15:45 -- journal_editor

လယ်ယာကဏ္ဍနှင့် ကုန်သွယ်ရေးသည် သီးခြားစီရပ်တည်နေသော စီးပွားရေးနယ်ပယ်များမဟုတ်ကြပေ။ ယနေ့ကမ္ဘာ့စီးပွားရေးတွင် စားသုံးသူများ၏ ဝင်ငွေမြင့်တက်လာခြင်း၊ မြို့ပြလူဦးရေတိုးပွားလာခြင်း၊ စားသုံးမှုပုံစံများ ပြောင်းလဲလာခြင်းနှင့် နိုင်ငံတကာ ကုန်သွယ်ရေးကွန်ရက်များ ပိုမိုချိတ်ဆက်လာခြင်းတို့ကြောင့် လယ်ယာကဏ္ဍ၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့်လာခဲ့သည်။ 
လယ်ယာထွက်ကုန်များသည် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးကို ဖြည့်ဆည်းပေးရုံတင်မကဘဲ အစားအစာပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်ရေးစနစ်၊ ပြည်တွင်းစက်မှုလုပ်ငန်းများနှင့် ပို့ကုန်ဈေးကွက်တို့၏ အဓိက အခြေခံအရင်းအမြစ်များဖြစ်လာသည်။ ထို့ကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် ထုတ်လုပ်နိုင်စွမ်းတိုးတက်ရေးသာမကဘဲ ကုန်သွယ်ရေးယှဉ်ပြိုင်နိုင်စွမ်းနှင့် ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့နှင့်ပါ တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ကမ္ဘာ့လယ်ယာကုန်သွယ်ရေး၏ ဖွဲ့စည်းပုံသည်လည်း သိသိသာသာပြောင်းလဲလာခဲ့သည်။ လယ်ယာကဏ္ဍသည် ကုန်ကြမ်းထုတ်လုပ်ပေးသည့် အခြေခံကဏ္ဍတစ်ခုမျှမဟုတ်တော့ဘဲ တန်ဖိုးမြင့် စီးပွားရေးကဏ္ဍတစ်ခုဖြစ်လာနေသည်။ သမားရိုးကျသီးနှံများအပြင် အရည်အသွေးမြင့်စားသောက်ကုန်များ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းထွက်ကုန်များ၊ အော်ဂဲနစ်ထုတ်ကုန်များနှင့် ပြုပြင်ထုတ် လုပ်ထားသော အစားအစာများ၏အရေးပါမှုမှာ ပိုမိုမြင့်တက်လာသည်။ ကမ္ဘာ့လူဦးရေသည် ၂၀၅၀ ပြည့်နှစ်တွင် ၉ ဒသမ ၇ ဘီလီယံခန့်အထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားရာ အနာဂတ်စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ထုတ်လုပ်မှုပမာဏတိုးမြှင့်ခြင်းတစ်ခုတည်းဖြင့် မလုံလောက်တော့ပေ။ 
ယနေ့ စားသုံးသူများသည် ဈေးနှုန်းတစ်ခုတည်းကို သာမကဘဲ အစားအစာဘေးကင်းလုံခြုံမှု၊ ထုတ်လုပ်မှုနောက်ကြောင်းခြေရာခံနိုင်မှု (Traceability)၊ ပတ်ဝန်းကျင်ဆိုင်ရာတာဝန်ယူမှုနှင့် နိုင်ငံတကာစံချိန်စံညွှန်းများကိုပါ ထည့်သွင်း စဉ်းစားလာကြသည်။ ရာသီဥတုပြောင်းလဲမှု၊ သဘာဝအရင်းအမြစ်ကန့်သတ်ချက်များနှင့် စားသုံးသူလိုအပ်ချက်ပြောင်းလဲလာမှုတို့ကြောင့် နိုင်ငံအများစုသည် လယ်ယာထွက်ကုန်များ၏ တန်ဖိုးမြှင့်တင်နိုင်စွမ်းနှင့် တန်ဖိုးကွင်းဆက် (Value Chain) တစ်လျှောက်ပါဝင်နိုင်မှုကို ပိုမိုအာရုံစိုက်လာကြသည်။ ယင်းပြောင်းလဲမှုများကြောင့် နိုင်ငံများ၏လယ်ယာမူဝါဒများသည်လည်း ထုတ်လုပ်မှုပမာဏတိုးမြှင့်ရေး (Produ- ction-oriented Agriculture) မှသည် ဈေး ကွက်လိုအပ်ချက်နှင့် ကိုက်ညီသောထုတ်လုပ်မှုစနစ် (Market-oriented Agriculture)နှင့် တန်ဖိုးဖန်တီးမှုကို အခြေခံသော လယ်ယာစီးပွားရေး (Value-driven Agriculture) သို့ ရွှေ့ပြောင်းလာကြသည်။ ယခုအခါ လယ်ယာကဏ္ဍ၏ အောင်မြင်မှုကို သီးနှံအထွက်နှုန်းတစ်ခုတည်းဖြင့် မတိုင်းတာတော့ဘဲ တောင်သူလယ်သမားဝင်ငွေတိုးတက်မှု၊ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်စွမ်း၊ ပို့ကုန်တန်ဖိုးနှင့် နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းတို့ဖြင့် တိုင်းတာလာကြပြီဖြစ် သည်။
အိန္ဒိယနိုင်ငံ၏ အတွေ့အကြုံသည် ယင်းသို့အသွင်ကူးပြောင်းမှုကို ထင်ရှားစွာ ပြသနေသည်။ ကမ္ဘာ့အကြီးဆုံး လယ်ယာထုတ်လုပ်သူများအနက်တစ်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် လယ်ယာကဏ္ဍသည် စုစုပေါင်းအလုပ်အကိုင်၏ ၄၀ ရာခိုင်နှုန်းကျော်ကို ထောက်ပံ့ပေးထားသည့် စီးပွားရေးမဏ္ဍိုင်ကြီးဖြစ်သည်။ ယခင်က စားနပ်ရိက္ခာဖူလုံရေးနှင့် ထုတ်လုပ်မှုပမာဏတိုးမြှင့်ရေးကိုသာအဓိကထားခဲ့သော်လည်း ယခုအခါ လယ်ယာဝင်ငွေတိုးမြှင့်ရေး၊ အစားအစာပြုပြင်ထုတ်လုပ်ရေးလုပ်ငန်း (Food Processing Industry) ဖွံ့ဖြိုးရေးနှင့် တန်ဖိုးမြင့်ပို့ကုန်များ ဖန်တီးရေးတို့ကို ပိုမိုဦးတည်ဆောင်ရွက်လာသည်။ အိန္ဒိယနိုင်ငံ၏ အစားအစာပြုပြင်ထုတ်လုပ်ရေးကဏ္ဍသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာဘီလီယံ ၃၀ဝ  ကျော် တန်ဖိုးရှိလာခဲ့ပြီး လယ်ယာကဏ္ဍနှင့် စက်မှုလုပ်ငန်းများအကြား အရေးပါသော ပေါင်းကူးတံတားဖြစ်လာခဲ့သည်။
ထို့ပြင် ဗီယက်နမ်နိုင်ငံ၏ လယ်ယာ၊ သစ်တောနှင့် ရေထွက်ကုန်တင်ပို့မှုတန်ဖိုးသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံခန့်အထိ ရောက်ရှိခဲ့သည်။ ယင်းအောင်မြင်မှုသည် ထုတ်လုပ်မှုပမာဏတိုးမြှင့်ရုံမျှမကဘဲအရည် အသွေး စံချိန်စံညွှန်းမြှင့်တင်ခြင်း၊ ပြုပြင်ထုတ်လုပ်မှုတိုးချဲ့ခြင်းနှင့် နိုင်ငံတကာဈေးကွက်များနှင့် ထိရောက်စွာ ချိတ်ဆက်နိုင်ခဲ့ခြင်းတို့၏ ရလဒ်ဖြစ်သည်။ ထိုင်းနိုင်ငံသည်လည်း လယ်ယာထွက်ကုန်များကို အစားအစာစက်မှုလုပ်ငန်း  နှင့် ပေါင်းစပ်ကာ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ဖန်တီးနိုင်ခဲ့သည်။ လတ်ဆတ်သောထွက်ကုန်များအပြင် အေးခဲအစားအစာ၊ အသင့်စားအစားအစာနှင့် ပြုပြင်ထုတ်လုပ်ထားသော စားသောက်ကုန်များကို တင်ပို့နိုင်ခြင်းက လယ်ယာကဏ္ဍ၏ စီးပွားရေးတန်ဖိုးကို သိသိသာသာမြှင့်တင်ပေးခဲ့သည်။ နယ်သာလန်နိုင်ငံ၏ အတွေ့အကြုံကမူ မြေယာအရင်းအမြစ်ထက် နည်းပညာ၊ သုတေသနနှင့် ထောက်ပံ့ပို့ဆောင်ရေးစနစ်တို့၏ အရေးပါမှုကို သက်သေပြနေသည်။ မြေဧရိယာအားဖြင့် သေးငယ်သော်လည်း နယ်သာလန်သည် ၂၀၂၃ ခုနှစ် တွင် လယ်ယာထွက်ကုန် တင်ပို့မှုတန်ဖိုး ယူရို ၁၂၃ ဘီလီယံခန့်အထိ ရရှိခဲ့သည်။ ယင်းအောင်မြင်မှု၏အခြေခံမှာ အဆင့်မြင့်စိုက်ပျိုးရေးနည်းပညာ၊ သုတေသန၊ စနစ်ကျသော ထောက်ပံ့ပို့ဆောင်ရေးနှင့် ထိရောက်သော ဈေးကွက်ချိတ်ဆက်မှုတို့ ဖြစ်ကြသည်။
ဤနိုင်ငံများ၏ အတွေ့အကြုံများမှရရှိသည့် အဓိကသင်ခန်းစာမှာလယ်ယာဖွံ့ဖြိုးရေး၏အနာဂတ်သည် ထုတ်လုပ်မှုပမာဏ တိုးမြှင့်ရေးတစ်ခုတည်းတွင်မရှိတော့ဘဲ တန်ဖိုးကွင်းဆက်တစ်လျှောက်တန်ဖိုးဖန်တီးနိုင်စွမ်း (Value Addition) မြှင့်တင်ရေးတွင် တည်ရှိနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ သစ်သီးဝလံနှင့် ရေထွက်ကုန်များကဲ့သို့ စိုက်ပျိုးရေမြေနှင့် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝသော်လည်း တန်ဖိုးမြှင့်ထုတ်လုပ်မှု၊ အစားအစာပြုပြင်ထုတ်လုပ်မှုနှင့် နိုင်ငံတကာဈေးကွက်ချိတ်ဆက်မှုတို့တွင် ရယူရန် အလားအလာများစွာကျန်ရှိနေသေးသည်။ 
ထို့ကြောင့် အနာဂတ်လယ်ယာမူဝါဒသည် ကုန်ကြမ်းတင်ပို့မှုကိုသာ အားထားသည့်စနစ်မှသည် တန်ဖိုးမြင့်ထုတ်ကုန်များ ဖန်တီးနိုင်သည့် လယ်ယာစီးပွားရေးစနစ်သို့ အသွင်ကူးပြောင်းရန် လိုအပ်သည်။ ယင်းအတွက် အစားအစာ ပြုပြင်ထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးရေး၊ သိုလှောင်မှုနှင့် အအေးကွင်းဆက်စနစ်များ (Cold Chain Systems) တိုးတက်ရေး၊ အရည်အသွေးစံချိန်စံညွှန်းများ မြှင့်တင်ရေးနှင့်ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုများကိုမြှင့်တင်ပေးရေးတို့သည် အရေးကြီးသော အခြေခံလိုအပ်ချက်များ ဖြစ်လာမည်ဖြစ် သည်။
အနှစ်ချုပ်အားဖြင့် ယနေ့ကမ္ဘာ့လယ်ယာ စီးပွားရေးတွင် ယှဉ်ပြိုင်နိုင်စွမ်းသည် ထုတ်လုပ်နိုင်မှုပမာဏတစ်ခုတည်းပေါ်၌ မူတည်တော့မည်မဟုတ်ပေ။ ထုတ်ကုန်အရည်အသွေး၊ ဈေးကွက်ချိတ်ဆက်နိုင်မှု၊ နည်းပညာအသုံးချနိုင်မှုနှင့် တန်ဖိုးကွင်းဆက်အတွင်း ပါဝင်နိုင်မှုတို့က ပိုမိုအရေးပါလာနေသည်။ ထို့ကြောင့် နိုင်ငံများအနေဖြင့် လယ်ယာကဏ္ဍကို စားနပ်ရိက္ခာထုတ်လုပ်သည့် အခြေခံကဏ္ဍတစ်ခုအဖြစ်တင်မဟုတ်ဘဲကျေးလက်စီးပွားရေးဖွံ့ဖြိုးမှု၊ စက်မှုလုပ်ငန်းတိုးတက်မှုနှင့် နိုင်ငံတကာ ကုန်သွယ်ရေးအခွင့် အလမ်းများကို ချိတ်ဆက်ပေးနိုင်သည့် မဟာဗျူဟာမြောက် ကဏ္ဍတစ်ခုအဖြစ် ရှုမြင်ဆောင်ရွက်ရန် လိုအပ်လှပေသည်။
ကိုးကား -World Bank June 30 2026, ICRIER July 8 2026, Economic Times July 20 2026

ဒေါက်တာတင်ထူးနိုင်