အရင်းအနှီးဆိုသည်ကို အဓိပ္ပာယ်ဖွင့်ဆိုရလျှင် စီးပွားရေးစနစ်တစ်ခုမှာ ငွေကြေး ဒါမှမဟုတ် ဘဏ္ဍာရေးအရင်းအမြစ်တစ်ခုခုကိုအသုံးပြုပြီး တန်ဖိုးတစ်ခုမြင့်တက်လာအောင်၊ အမြတ်အစွန်းရရှိလာအောင်လုပ်တဲ့အရာကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒီအရင်းအနှီးတွေကို ထိတွေ့ကိုင်တွယ်လို့ရနိုင်တဲ့အက်ဆက်တွေဖြစ်တဲ့ စက်ရုံတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ စက်ကိရိယာတန်ဆာပလာတွေဝယ်ယူရာမှာ အသုံးချသလို ထိတွေ့ကိုင်တွယ်လို့မရနိုင်တဲ့အရာတွေဖြစ်တဲ့ အသိဉာဏ်ပညာပိုင်ဆိုင်ခွင့်တွေ၊ နည်းပညာဆန်းသစ်တီထွင်မှုတွေရယူရာမှာလည်း အသုံးချပါတယ်။ ဒီလို အရင်းအနှီးငွေကြေးတွေကို ထိရောက်စွာအသုံးချရင်းနဲ့ လုပ်ငန်းတစ်ခုဟာ တိုးတက်မှုရရှိလာမှာပဲဖြစ်ပါတယ်။
လုပ်ငန်းတစ်ခု တိုးတက်မှုရရှိဖို့ဆိုတာ Organic Growth နဲ့ Inorganic Growth နှစ်ခုစလုံးရှိဖို့ လိုအပ်ပါတယ်။ ဒီတိုးတက်မှု ပုံစံတစ်ခုချင်းစီမှာ ကုမ္ပဏီတိုးတက်မှုလမ်းကြောင်းအတွက် အားသာချက်နဲ့ စိန်ခေါ်မှုတွေ ရှိပါတယ်။ သင်ဟာ စတင်တည်ထောင်သူ လုပ်ငန်းရှင်ဖြစ်ဖြစ်၊ တည်ထောင်ပြီးလုပ်ငန်းရှင်ဖြစ်ဖြစ် ရရှိထားတဲ့ သတင်းအချက်အလက်တွေကနေ လုပ်ငန်းရည်မှန်းချက်နဲ့ ဈေးကွက်အခြေအနေကနေမှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ Organic Growthနဲ့ Inorganic Growth တို့ရဲ့ စွမ်းအားကိုနားလည်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
Organic Growth နဲ့ Inorganic Growth တို့ရဲ့ခြားနားချက်များ
စီးပွားရေးလုပ်ငန်းမှာ လုပ်ငန်းကြီးထွားမှုမဟာဗျူဟာကို အော်ဂဲနစ်နဲ့ အင်အော်ဂဲနစ်ဆိုတဲ့ အမျိုးအစားနှစ်မျိုးနဲ့ လေ့လာနိုင်ပါတယ်။ အော်ဂဲနစ်တိုးတက်မှုဟာ အရောင်းမြှင့်တင်မှု၊ ဈေးကွက်ထိုးဖောက်ဝင်ရောက်မှုနဲ့ ထုတ်ကုန်သစ် ဒါမှမဟုတ် ဝန်ဆောင်မှုအသစ်တွေကို ကုမ္ပဏီတစ်ခုရဲ့ အတွင်းပိုင်းမှာရှိတဲ့ အရင်းအမြစ်တွေကို အသုံးပြုရင်း တဖြည်းဖြည်းချင်း တိုးတက်မှုရရှိသွားတာကို ရည်ညွှန်းပါတယ်။ ဒါဟာအဖွဲ့အစည်းရဲ့ ကိုယ်ပိုင်အရင်းအမြစ်တွေ၊ ဆန်းသစ်တီထွင်မှုတွေနဲ့ လုပ်ငန်းစွမ်းဆောင်ရည် ထိရောက်မှုတို့ကြောင့် သဘာဝအတိုင်း တိုးတက်မှုရရှိတာ ဖြစ်ပါတယ်။ အော်ဂဲနစ်တိုးတက်မှုဟာ ပြင်ပအင်အားစုတွေကိုအားမကိုးဘဲ ကုမ္ပဏီရဲ့ရှိရင်းစွဲအရင်းအမြစ်အတွင်းကနေ တိုး တက်မှုရလာတဲ့အတွက် ပိုမိုရေရှည်တည်တံ့ပြီး တိုးတက်မှုကိုလည်း ထိန်းချုပ်ထားတဲ့ပုံစံလို့ ယူဆကြပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ အင်အော်ဂဲနစ်တိုးတက်မှုဆိုတာကတော့ ပြင်ပကအကြောင်းရင်းတွေဖြစ်တဲ့ လုပ်ငန်းများပေါင်းစည်းမှု၊ ဝယ်ယူမှု၊ မိတ်ဖက်ပြုလုပ်မှုစတဲ့လုပ်ငန်းတွေပါဝင်ပတ်သက်နေပါတယ်။ ဒီနည်းဗျူဟာကုမ္ပဏီတွေကို အချိန်တိုတိုအတွင်း သိသိသာသာ တိုးတက်မှုရရှိစေပြီး အခြားတည်ထောင်ထားပြီး အဖွဲ့အစည်းတွေရဲ့ အားသာချက်တွေနဲ့ အရင်းအမြစ်တွေကို အသုံးချနိုင်တာဖြစ်ပါတယ်။ အင်အော်ဂဲနစ် တိုးတက်မှုဟာ ပြင်ပရင်းနှီးငွေ၊ ပြင်ပက ကျွမ်းကျင်မှုတွေနဲ့ ဈေးကွက်တည်ရှိမှုတွေကနေ တိုးတက် မှုရရှိတာကို ဆိုလိုပါတယ်။ သူက မြန်ဆန်တဲ့ အရှိန်နဲ့ ဈေးကွက်ကို ထိုးဖောက်ချဲ့ထွင်နိုင်ပေမယ့် တစ်ဖက်မှာ ပေါင်းစည်းခြင်း ကိစ္စ တွေ၊ ယဉ်ကျေးမှုမတူညီတာတွေစတဲ့ စိန်ခေါ်မှုတွေ့ကြုံရနိုင်ပြီး ရေရှည်အောင်မြင်မှုအတွက် ထိရောက်တဲ့ မဟာဗျူဟာညှိနှိုင်းမှုတွေလည်း လုပ်ဆောင်ဖို့လိုအပ်မှာဖြစ်ပါတယ်။
အော်ဂဲနစ်တိုးတက်မှုနဲ့ အင်အော်ဂဲနစ်တိုးတက်မှု ဘယ်ဟာကို ရွေးချယ်မလဲဆိုတာ ကုမ္ပဏီတစ်ခုရဲ့တိကျတဲ့ ရည်မှန်းချက်၊ ကုမ္ပဏီရဲ့ ဈေးကွက်အတွင်းမှာရှိနေတဲ့ အခြေအနေနဲ့ ဆုံးရှုံးနိုင်ခြေ ဘယ်လောက်ခံနိုင်ရည်ရှိသလဲဆိုတဲ့ အချက်တွေအပေါ်မူတည်ပါတယ်။ စီးပွားရေးလုပ်ငန်းအတော်များများကတော့ လုပ်ငန်းတွင်းတိုးတက်မှုနဲ့ ပြင်ပချဲ့ထွင်မှု အခွင့်အလမ်းတွေရဖို့ မဟာဗျူဟာနှစ်ခုစလုံးကို ပေါင်းစပ်ထားကြပါတယ်။
Organic Growth နဲ့ Inorganic Growth တို့၏
အဓိက ပုံပန်းသဏ္ဌာန်များ
အော်ဂဲနစ်တိုးတက်မှု၏ လက္ခဏာများ-
(က) အတွင်းအရင်းအမြစ်များ။ အော်ဂဲနစ်တိုးတက်မှုက ကုမ္ပဏီတစ်ခုရဲ့ ရှိရင်းစွဲအရင်းအမြစ်တွေဖြစ်တဲ့ ဝန်ထမ်းတွေ၊ နည်းပညာတွေနဲ့ ရင်းနှီးငွေတွေကို အသုံးချပြီးတိုးတက်မှုရအောင် ဆောင်ရွက်တာဖြစ်ပါတယ်။
( ခ ) ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှု။ လုပ်ငန်းတိုးတက်မှုဟာ ရှိပြီးသားထုတ်ကုန်တွေကို ဆန်းသစ်တီထွင်ခြင်းနဲ့ ပိုမိုကောင်း မွန်အောင်ပြုလုပ်ခြင်း ဒါမှမဟုတ် အသစ်များကို ဖန်တီးခြင်းတို့မှ ရရှိလာတာဖြစ်ပါတယ်။
( ဂ ) ဈေးကွက်ထိုးဖောက်မှု။ ဈေးကွက်ဝေစုကို ဖောက်သည်အသစ်တွေကို ဆွဲဆောင်ခြင်း ဒါမှမဟုတ် လက်ရှိဖောက်သည်တွေကို ရောင်းချခြင်းနည်းတွေကနေ ရရှိတာဖြစ်ပါ တယ်။
(ဃ) ကုန်အမှတ်တံဆိပ်ကိုစွဲမြဲစွာသစ္စာရှိမှု။ ဖောက်သည်တွေ မိမိထုတ်ကုန်အမှတ်တံဆိပ်အပေါ် စွဲမြဲစွာ သစ္စာရှိစေဖို့ အရည်အသွေးနဲ့ ဝန်ဆောင်မှုကို ထိန်းသိမ်းဆောင်ရွက်တာ ဖြစ်ပါတယ်။
အော်ဂဲနစ် တိုးတက်မှု၏ အားသာချက်များ-
• ထိန်းချုပ်မှုနှင့် ပေါင်းစည်းခြင်း။ ကုမ္ပဏီတွေဟာ သူတို့ရဲ့ ကြီးထွားမှုလုပ်ငန်းစဉ်တွေကို အပြည့်အဝထိန်းချုပ်ထားပြီး အစပျိုးလုပ်ဆောင်မှုအသစ်တွေဟာ သူတို့ရဲ့ ရှိပြီးသားလုပ်ငန်းဆောင်တာတွေ၊ ယဉ်ကျေးမှုတွေနဲ့ ကိုက်ညီတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။
• ရေရှည်တည်တံ့မှု။ ဌာနတွင်းကြိုးပမ်းအားထုတ်မှုတွေကတစ်ဆင့်ရရှိတဲ့တိုးတက်မှုဟာ လျင်မြန်စွာတိုးချဲ့တာ၊ အခြားကုမ္ပဏီတွေကိုရယူတာတွေကတစ်ဆင့် ဖြစ်ပေါ်လာတဲ့ တိုးတက်မှုထက်ပိုမိုတည်တံ့ပြီး အန္တရာယ် နည်းပါးပါတယ်။
• ကုန်အမှတ်တံဆိပ်တစ်သမတ်တည်းရှိမှု။ မိမိကုန်အမှတ်တံဆိပ် တစ်သမတ်တည်းဖြစ်စေမယ့် သတင်းအချက်အလက်တွေကို ထိန်းသိမ်းတာနဲ့ ဖောက်သည်တွေရဲ့ အတွေ့အကြုံတွေကိုရယူခြင်းဟာ အဓိကကျတဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။
• ဝန်ထမ်းများရဲ့တိုးတက်မှု။ အော်ဂဲနစ်တိုးတက်မှုဟာ လက်ရှိဝန်ထမ်းတွေအတွက် ကျွမ်းကျင်မှုအသစ်တွေ၊ ကုမ္ပဏီတွင်း တိုးတက်မှုအခွင့်အလမ်းတွေ ပိုမိုရရှိစေပါတယ်။
အော်ဂဲနစ်တိုးတက်မှုရဲ့ အားနည်းချက်များ-
• နှေးကွေးတဲ့ခြေလှမ်း။ အော်ဂဲနစ်ကြီးထွားမှုဟာနှေးကွေးနိုင်ပြီးသိသာတဲ့ တိုးတက်မှုတွေရရှိဖို့အချိန်နဲ့ ကြိုးစားအားထုတ်မှုတွေ များစွာလိုအပ်ပါတယ်။
• အရင်းအမြစ်အကန့်အသတ်ရှိ။ ဌာနတွင်းတိုးချဲ့မှု လုပ်ငန်းစဉ်အတွင်းမှာ လက်ရှိအရင်းအမြစ်တွေကို အလွန်အမင်းအားစိုက်သုံးရစွဲပြီး လုပ်ငန်းတိုးချဲ့ဖို့ရင်းနှီးငွေများစွာ လိုအပ်ပါတယ်။
• ဈေးကွက်ကန့်သတ်ချက်များ ။ ဈေးကွက်တွေကို ခွဲခြမ်းစိတ်ဖြာမှုမပြုဘဲ ဈေးကွက်အသစ်တွေကိုမဝင်ဘဲ ကုမ္ပဏီဟာ ထင်သလောက်ကြီးထွားမလာနိုင်ပါဘူး။ အကန့်အသတ်နဲ့သာ ကြီးထွားပါမယ်။
အင်အော်ဂဲနစ်တိုးတက်မှု၏ လက္ခဏာများ-
(က) ပေါင်းစည်းခြင်း၊ ရယူခြင်း။ အခြားကုမ္ပဏီတွေနဲ့ ပေါင်းစည်းခြင်းဒါမှမဟုတ် ဝယ်ယူခြင်းကနေ တိုးတက်မှုကို ရရှိစေပါတယ်။
( ခ ) မဟာဗျူဟာမြောက် မိတ်ဖက်များ။ ဈေးကွက်သစ်တွေ ဒါမှ မဟုတ် နည်းပညာတွေရယူဖို့ အခြားစီးပွားရေးလုပ်ငန်းတွေနဲ့ မဟာမိတ်ဖွဲ့တာဒါမှမဟုတ် ဖက်စပ်လုပ်ကိုင်တာတွေ ဆောင်ရွက်နိုင်ပါတယ်။
( ဂ ) ရုတ်ခြည်းတိုးတက်မှု။ ကုမ္ပဏီရဲ့တိုးတက်မှုနှုန်း၊ ဈေးကွက်တည်ရှိမှုနဲ့ စွမ်းဆောင်ရည်တွေကို လျင်မြန်စွာ တိုးတက်စေပါတယ်။
(ဃ) ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း။ ကုမ္ပဏီဝယ်ယူပေါင်းစည်းမှုတွေက တစ်ဆင့်ဈေးကွက်သစ်တွေဒါမှမဟုတ် ထုတ်ကုန်လိုင်းအသစ်ကို ချဲ့ထွင်နိုင်ပါတယ်။
အင်အော်ဂဲနစ် တိုးတက်မှု၏ အားသာချက်များ-
• အရှိန်။ အင်အော်ဂဲနစ်တိုးတက်မှုဟာ ဈေးကွက်သစ်တွေနဲ့ အရင်းအမြစ်တွေကို ချက်ချင်းလက်ငင်း လက်လှမ်းမီနိုင်စေခြင်းကနေ တိုးချဲ့မှုကိုသိသာထင်ရှားစွာ အရှိန်မြှင့်တင်နိုင်ပါတယ် ။
• ဈေးကွက်သို့ဝင်ရောက်ခြင်း ။ ကုမ္ပဏီတွေကို ဝယ်ယူပေါင်းစည်းမှုများက အော်ဂဲနစ်ချဲ့ထွင်မှုမှာ ကြုံတွေ့နေရတဲ့အချိန်နဲ့ ကုန်ကျစရိတ်တွေကို လျှော့ချနိုင်ပြီး ဈေးကွက်အသစ်တွေထဲကို လွယ်ကူချောမွေ့စွာ ဝင်ရောက်နိုင် ပါတယ်။
• အရင်းအမြစ်များရယူခြင်း။ ကုမ္ပဏီဟာ မိမိကိုယ်ပိုင်အစွမ်းနဲ့လုပ်ဆောင်ပါက ဖွံ့ဖြိုးတိုးတက်ဖို့ခက်ခဲမှု ဒါမှမဟုတ် အချိန်ကုန်မှုတွေ ဖြစ်စေပေမယ့်လည်း အင်အော်ဂဲနစ်စနစ်နဲ့ နည်းပညာတွေ၊ အရည်အချင်းတွေနဲ့ ဉာဏ် ပစ္စည်းအသစ်တွေကို ရယူနိုင်ပါတယ်။
• ဈေးကွက်ဝေစုများတိုးတက်စေခြင်း။ ကုမ္ပဏီများ ပေါင်းစည်းမှုနဲ့ ဝယ်ယူမှုတွေဟာ ဈေးကွက်ဝေစုနဲ့ ယှဉ်ပြိုင်မှုအနေအထားကို လျင်မြန်စွာတိုးမြင့်လာစေနိုင်ပါတယ်။
အင်အော်ဂဲနစ်တိုးတက်မှုရဲ့ အားနည်းချက်များ-
• ပေါင်းစည်းခြင်းကိစ္စရပ်များ။ မတူညီတဲ့ ကော်ပိုရိတ်ယဉ်ကျေးမှုတွေ၊ စနစ်တွေနဲ့ လုပ်ငန်းစဉ်တွေကို ပေါင်းစည်းခြင်းဟာ ရှုပ်ထွေးနိုင်ပြီး လုပ်ငန်းဆောင်ရွက်ရာမှာ ထိရောက်မှု နှေးကွေးမှုဘက်သို့ ဦးတည်သွားနိုင်ပါတယ်။
• စရိတ်မြင့်မားခြင်း။ ဝယ်ယူပေါင်းစည်းမှုတွေဟာ ကုန်ကျစရိတ်မြင့်မားကာများပြားတဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှု လိုအပ်ပြီး အကြွေးများလည်း တိုးလာစေနိုင်ပါတယ်။
• စည်းမျဉ်းအတားအဆီးများ။ ပေါင်းစည်းမှုတွေနဲ့ ဝယ်ယူမှုတွေဟာ စည်းမျဉ်းစည်းကမ်းစိစစ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပြီး လက်ဝါးကြီးအုပ်မှုကာကွယ်ရေးဌာနတွေဆီက ခွင့်ပြုချက်လိုအပ်နိုင်ပါတယ်။
• ဆုံးရှုံးနိုင်ခြေရှိခြင်း။ ဝယ်ယူလိုက်တဲ့ကုမ္ပဏီဟာ ကောင်းစွာပေါင်းစည်းခြင်း ဒါမှမဟုတ် မျှော်မှန်းထားတဲ့ အကျိုးခံစားခွင့်များကို ပေးအပ်ခြင်းမပြုနိုင်တာကြောင့် ငွေကြေးဆုံးရှုံးမှုအန္တရာယ်တွေရှိနိုင်ပါတယ်။
ထွန်းသက်ထွန်း
