ယူရီးယားဓာတ်မြေသြဇာများ တောင်သူလက်ဝယ်အရောက်တင်သွင်းဖြန့်ဖြူးပေးမည်
အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်ပွားခြင်းကြောင့် ၂၀၂၆ ခုနှစ် မတ်လနောက်ပိုင်း ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့မှုဖြစ်ပွားခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍနှင့် ယူရီးယားဓာတ်မြေသြဇာ တင်သွင်းမှုအပေါ်ကြီးမားသော ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ သို့သော် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တောင်သူလက်ဝယ်သို့ ယူရီးယားဓာတ်မြေသြဇာများကိုအချိန်မီဖြန့်ဖြူးရောက်ရှိနိုင်ရေး သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ပူး ပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟော်မုဇ်ရေလက်ကြားပိတ်ဆို့သွားချိန်တွင် ယူရီးယားဓာတ်မြေသြဇာသင်္ဘောများဖြတ်သန်းသွားလာရန် အခက်အခဲကြောင့် ယခင်ကဲ့သို့သင်္ဘောကြီး/ငယ် ရွေးချယ်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ရေလက်ကြားရှိသင်္ဘောများဖြင့်သာ ချိတ် ဆက်တင်သွင်းနိုင်ရေး ကြိုးစားဆောင်ရွက်ခဲ့ရပြီး ရေလက်ကြားမှ ကျော်ဖြတ်လာနိုင်သည့် ယူရီးယားဓာတ်မြေသြဇာတန်ချိန် ၅၀ဝ၀ဝ တင်ဆောင်လာသည့် သင်္ဘောဖြင့်ချိတ်ဆက်၍ မှာယူတင်သွင်း သယ်ဆောင်လာရာတွင် အဆိုပါ သင်္ဘော၏ ရေစူးမှာ ၁၂ ဒသမ ၃၅ မီတာရှိပြီး ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရေစူးမှာ ၁၀ ဒသမ ၅၀ မီတာသာရှိ၍ ဝင်ရောက်နိုင်ခြင်းမရှိသည့် အခက်အခဲ ကြုံတွေ့နေရသည်။
လိုအပ်သော ဓာတ်မြေသြဇာကို ပြည်တွင်း၌ ထုတ်လုပ်နေသည့်အပြင် ပြည်ပမှလည်းတင်သွင်းနေရပြီး အရှေ့အလယ်ပိုင်း (ပင်လယ်ကွေ့ဒေသ)မှ ဖြတ်သန်းတင်သွင်းမှုအပေါ် အဓိကမှီခိုနေရပြီး အဆိုပါအခြေအနေများကြောင့် မော်လမြိုင်မြို့အနီးနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်းတို့တွင်ပြောင်းရွှေ့ကျောက်ချရပ်နားခြင်း၊ ကုန်စည်လျှော့ချ၍ ဝင်ရောက်ဆိုက်ကပ်နိုင်ရေး ညှိနှိုင်းခြင်းတို့ကိုပြုလုပ်၍ ယူရီးယားဓာတ်မြေသြဇာတန်ချိန် ၅၀ဝ၀ဝ အနက် တန်ချိန် ၉၆၀ဝ ခန့်ကို သင်္ဘောငယ်လေးစင်းဖြင့်Ship to Ship Operation ပြုလုပ်ပြီး ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ တစ်ပေါင်းတည်း ဆိုက်ကပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုအခါ ရန်ကုန်ဆိပ်ကမ်းတွင် သင်္ဘောငါးစင်းဆိုက်ကပ်၍ ကုန်ချမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သြဂုတ် ၁၉ ရက်အထိ စုစုပေါင်း ယူရီးယားဓာတ်မြေသြဇာတန်ချိန် ၂၂၁၅၅ တန် ဆိပ်ကမ်းချပြီးဖြစ်ကြောင်း သိရသည်။
ကုန်သွယ်မှု မူဝါဒဌာနခွဲ
