Main menu

Background

မုံရွာနယ်ခရမ်းချဉ်တောင်သူများ စွန့်စားရကြိုးနပ်ပြီ

Mon, 09/30/2013 - 12:02 -- ydnar

မုံရွာမြို့ပေါ်ရှိခရမ်းချဉ် ဈေးကွက် ဟာ ဒေသတွင်းစိုက်ပျိုးထွက်ရှိချိန်မှာ အရောင်းအဝယ်အားကောင်းသလိုဒေသ ထွက်ပစ္စည်းပြတ်ချိန်မှာ အင်းသီး (အင်းလေး)တွေဝင်လာလို့၊ လက်ကား ဒိုင်တွေ အရောင်းအဝယ်မပြတ် ဈေး ကွက်ခိုင်မာလျက်ရှိပါတယ်။

ခရမ်းချဉ်ကိုမုံရွာခရိုင်မှာ ချင်းတွင်း မြစ်ရေနဲ့ ဆည်ရေရတဲ့ချောင်းဦး၊ မုံရွာ၊ ဘုတလင်နဲ့ ယင်းမာပင်မြို့နယ်များမှာ စီးပွားဖြစ်စိုက်ပျိုးအားကောင်းလျက်ရှိပြီး၊ တောင်သူအများစုကိုမိုးအကုန်ဆောင်း ဦးကာလတွေမှာ စိုက်ပျိုးမှု ပိုမိုများပြား ပါတယ်။ အပင်ရဲ့ သဘာဝအရ ရေကို ကြိုက်နှစ်သက်ပေမယ့် မိုးများရင်တော့ အပင်ပျက်စီးနိုင်လို့ ယခုလို မိုးတွင်းမှာ စိုက်ပျိုးသူမရှိသလောက်နည်းပါးတယ်လို့ သိရပါတယ်။အရင်းနှီးများပြားတဲ့အတွက် ဆုံးရှုံးမှုမခံနိုင်လို့ တောင်သူအများစု မစိုက်ချိန်မှာ မုံရွာမြို့နယ်က ကျီးအုပ်၊ ဘန်းစီး၊ လှည်းဒါး၊ ညောင်ပင်သာရွာ သစ်နဲ့ ခတက္ကန်(တောင်ရွာ)ရှိ တောင်သူ အချို့ဟာ ဆည်ရေနဲ့တွင်းရေကို အား ပြုပြီး၊ ယခုနှစ်မိုးလယ်အစမှာ ခရမ်း ချဉ်များ စွန့်စားပျိုးထောင်စိုက်ခဲ့ကြလို့ စက်တင်ဘာပထမပတ်ကစပြီး၊ အသီး ခူးဆွတ်နိုင်ကြကာ မုံရွာဈေးကွက်ကို တင်ပို့ခဲ့တယ်လို့တောင်သူတွေကပြော ပါတယ်။ လောလောဆယ်ဈေးကွက်မှာ ဝင် ရောက်နေရာယူနေတဲ့ အင်းသီးတွေနဲ့ အပြိုင် တစ်ပိဿာ ၆၀၀ ကျပ်မှ ၇၀၀ ကျပ်ထိ ဒိုင်ဈေးရရှိခဲ့လို့ မုံရွာနယ်က ခရမ်းချဉ်တောင်သူ အချို့ စွန့်စားရ ကြိုးနပ်ပြီလို့ ဆိုရမှာပါ။ ခရမ်းချဉ်သီး စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်ကတော့ တစ်နယ်နဲ့ တစ်နယ်တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ဘဲသုံးစွဲတဲ့မျိုး၊မြေဆီ၊ ရေသွင်း နှုန်း၊ လုပ်ငန်းသုံးပစ္စည်းတို့အလိုက် တစ်ဧကကိုအနည်းဆုံး၊ ကျပ် ၅ သိန်း ကနေအများဆုံးကျပ်သိန်း၂၀ ဝန်းကျင် ထိရှိနိုင်တယ်လို့ ကြီးအုပ်ကျေးရွာက ခရမ်းချဉ်တောင်သူတစ်ဦးမှ ရှင်းပြပါ တယ်။ မုံရွာနယ်မှာတော့ ၉၀၉ မျိုးကို အစိုက်များပြီး၊ တစ်ဧကအပင် ၇၀၀၀ မှ ၁၀၀၀၀ ထိ စိုက်ခဲ့ကြကာ တစ်ပင်ကို အနည်းဆုံးတစ်ပိဿာကနေ အများဆုံး လေးပိဿာထိထွက်နိုင်တယ်လို့ ဆိုပါ တယ်။ တစ်ဦးချင်းရဲ့စိုက်ပျိုးစရိတ် မတူ ညီသလိုတစ်ဦးချင်းရဲ့အကျိုးအမြတ်ချင်း လည်း ကွဲပြားနိုင်ပေမယ့်ယခုအချိန်မှာ တော့ မုံရွာခရမ်းချဉ်သီးဈေးကွက်မှာ ဒေသတွင်း အခြားမြို့နယ်များမှ အသီး တွေမလာနိုင်သေးဘဲ ကျီးအုပ်ရွာက အသီးတွေသာဝင်ရောက်လာတဲ့အတွက် ပြိုင်ဘက်မရှိဈေးကွက်မှာ ရောင်းလက် ကအားသာနေဆဲဖြစ်တာတွေ့ရပါတယ်။ အဆိုပါ ကျေးရွာတွေကနေ တစ်နေ့ ပိဿာ ၃၀၀၀ မှ ၅၀၀၀ ကြား မုံရွာပွဲရုံ တွေထိ ပုံမှန်ဝင်နေပြီး၊ လောလော ဆယ် တစ်ပိဿာ ၆၅၀ ကျပ်နဲ့ ဈေးမာ နေပါတယ်။ ဒိုင်တွေကမှ တစ်ဆင့်နယ် ဈေးကွက်ရှိရာ ပခုက္ကူ၊ဟုမ္မလင်း၊ ရေဦး၊ ရွှေဘိုနဲ့ မန္တလေးဈေးကွက်တွေဆီ ထပ် ဆင့်တင်ပို့ခဲ့ကြတယ်လို့ ''ဟိန်း" သစ်သီး ဝလံအဝယ်ဒိုင်တာဝန်ခံက ပြောပါ တယ်။ အရင်းအနှီးကများ၊ဈေးကွက် အမှန်းရခက်တဲ့ ခရမ်းချဉ်ကို ယခုလို ကျီးအုပ်၊ ဘန်းစီးနယ်က တောင်သူတွေ စွန့်စားစိုက်ပျိုးခြင်းနဲ့ အကျိုးရလဒ်ကို ခံစားကြရခြင်းအတွက် ဝမ်းသာပီတိ ဖြစ်မိရသလို စိုက်ပျိုးသူတိုင်း တွက်ခြေ ကိုက်ဖို့ယခုလိုကုန်ကြမ်းဈေးကွက်အဝယ် ထက် အမြဲတမ်းဈေးငြိမ်မဲ့ တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နိုင်တဲ့စက်ရုံမျိုး၊ မုံရွာနယ်မှာတည်ဆောက်လည်ပတ်နိုင် မယ်ဆိုရင်တော့ခရမ်းချဉ်တောင်သူတွေ ရဲ့ ဘဝယခုထက်ပိုမို လှပနိုင်မှာ မလွဲလို့ ယူဆထင်မြင်မိပါကြောင်း ......။ထွန်းလှိုင် - မုံရွာ