ယခုတစ်ပတ်အတွင်း ပြင်ပဈေး ကွက်တွင် အမေရိကန်ဒေါ်လာ ရောင်း ဈေးများ မြင့်တက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ပုဂ္ဂလိကငွေလဲစင် တာများတွင် တစ်ပတ်အတွင်း ဝယ်ဈေး နှင့်ရောင်းဈေးများမှာ အပြောင်းအလဲ အနည်းငယ်သာရှိ ခဲ့သော်လည်း ပြင်ပ ငွေဈေးကွက်တွင်မူ ရောင်းဈေးများမှာ မြင့်တက်လျက်ရှိကြောင်း သိရသည်။
ပုဂ္ဂလိကငွေလဲစင်တာများတွင် ဝယ်ဈေး ၉၆၉ကျပ် ရောင်းဈေး ၉၇၅ ကျပ်ပတ်ဝန်းကျင်တွင်သာ အရောင်း အဝယ်ဖြစ်နေသော်လည်း ပြင်ပငွေလဲ ဈေးကွက်တွင်မူ နေ့စဉ်အပြောင်းအလဲ များဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။''ကျွန်တော်တို့ဈေးကွက်ထဲမှာ တော့ နေ့စဉ်လိုလို အပြောင်းအလဲတွေ ရှိနေတယ်။ ဒါတောင်တချို့ရက် တွေ မှာဆိုရင် မနက်ဈေးနဲ့ ညနေဈေး တောင်မတူဘူး။ အရောင်းအဝယ်ကို လိုက်ပြီး အပြောင်းအလဲတွေရှိနေ တယ်။ ဒီနေ့ စက်တင်ဘာ ၂၀ရက်နေ့ ဆိုရင် ဝယ်ဈေးက ၉၆၈ကျပ်ရှိပြီး ရောင်းဈေးက ၉၈၀ကျပ်ရှိတယ်။ ငွေလဲ စင်တာတွေရဲ့ရောင်းဈေးက ၉၇၅ကျပ် ဆိုပေမယ့် သူတို့ဆီမှာက ကိုယ်လိုချင် သလောက်ဝယ်လို့မရတဲ့အခါကျတော့ ကျွန်တော်တို့ဆီမှာပဲ လာပြီးဝယ်ကြ တာ။ အဝယ်လိုက်လာလို့ ဈေးကို တင် ထားရတာပါ"ဟု ပြင်ပငွေလဲဈေးကွက် အတွင်းမှပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ ၉၇၃ကျပ်ဖြစ်ပြီး ငွေလဲစင်တာများမှာ အဆိုပါရည်ညွှန်း ငွေလဲနှုန်းပေါ်တွင်မူတည်၍ ရောင်း ဝယ်နေကြခြင်းဖြစ်သည်။ ငွေလဲစင်တာများတွင် စက် တင်ဘာလ ၁၆ရက်နေ့က ဝယ်ဈေး ၉၆၉ ကျပ်၊ ရောင်းဈေး ၉၇၆ကျပ်ရှိပြီး စက်တင်ဘာလ ၂၀ရက်နေ့တွင် ဝယ် ဈေး ၉၇၀ကျပ်၊ ရောင်းဈေး ၉၇၇ ကျပ်ရှိကြောင်း သိရသည်။ ပို့ကုန်ရ ငွေဈေးနှုန်းမှာ ၉၇၅ကျပ်ရှိပြီး ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက သုံးကျပ်မျှ ဈေး တက်သွားခဲ့ကြောင်း သိရသည်။