နယ်သာလန်နိုင်ငံသည် COVID-19 ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် ၁၄-၁၀-၂၀၂၀ ရက် ညပိုင်းမှစတင်၍ တစ်စိတ်တစ်ပိုင်းအသွားအလာကန့်သတ်မှု (partial lockdown) ပြုလုပ် သွားမည်ဟု နယ်သာလန်နိုင်ငံဝန်ကြီးချုပ် Mark Rutte က ကြေညာခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အတွင်း နယ်သာလန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၄၃၉၀၃ ရှိခဲ့ပြီး ယခင်တစ်ပတ်တာကာလနှင့်နှိုင်းယှဉ်လျှင် ၆၀ ရာခိုင်နှုန်း တိုးလာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များသည် ည ၁၀:၀၀ နာရီအချိန်တွင် ပိတ်ထားရမည်ဖြစ်ပြီး၊ အရက်သေစာနှင့်မူးယစ်စေသောအရာများ ရောင်းချမှုကို ည ၈:၀၀ အချိန်မှ နံနက် ၇:၀၀ အချိန်အတွင်း ခွင့်မပြု ကြောင်း၊ စားသောက်ကုန်ရောင်းချသည့်ဆိုင်များမှအပ ဈေးဆိုင် များသည် ည ၈:၀၀ အချိန်တွင် ပိတ်သိမ်းရမည်ဖြစ်ကြောင်း၊ မဖြစ်မနေဆောင်ရွက်ရခြင်းမှအပ နေအိမ်မှအလုပ်လုပ်ကိုင်စေရန် (work from home) ညွှန်ကြားထား ကြောင်း သိရသည်။
ဟိုတယ်များကို ဆက်လက်ဖွင့်လှစ်ခွင့်ပြုထားပြီး၊ လာရောက်တည်းခိုသည့် ဧည့်သည်များ အား အစားအသောက်ဝန်ဆောင်မှုပေးခြင်းကိုလည်း ခွင့်ပြုထားကြောင်း၊ အဆောက်အဦအတွင်း နေရာ များ၌ လူအရေအတွက် အများဆုံး ၃၀ ဦးအထိသာ စုဝေးခွင့်ပြုထားကြောင်း သိရသည်။ အပျော် တမ်းစုဝေးအားကစားပြုလုပ်ခြင်းများကိုလည်း တားမြစ်ထားပြီး၊ နယ်သာလန်နိုင်ငံသားများ အား အနီရောင်(သို့မဟုတ်) လိမ္မော်ရောင်အဖြစ် သတ်မှတ်ထားသော ဒေသ/နိုင်ငံ များသို့ ခရီးသွားလာခြင်းမပြုလုပ်ကြရန် ဝန်ကြီးချုပ်က တောင်းဆိုထားသည်။ နယ်သာလန်နိုင်ငံအနေဖြင့် ဘယ်လ်ဂျီယံနိုင်ငံအား အနီရောင်ဇုန်နီးပါး သတ်မှတ်ထားသဖြင့် ဘယ်လ်ဂျီယံနိုင်ငံသို့ ခရီးသွားလာခြင်းကို အားမပေးကြောင်း နှင့် အကယ်၍သွားရောက်ခဲ့ပြီး နယ်သာလန်နိုင်ငံအတွင်း ပြန်လည် ဝင်ရောက်မည်ဆိုပါက COVID-19 test ပြုလုပ်ခြင်း၊ သီးသန့်ခွဲခြား၍နေထိုင်စေခြင်း (quarantine) တို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ နယ်သာလန်နိုင်ငံ၏ အသွား အလာကန့်သတ်ချက် အစီအမံမှာ ရက်သတ္တပတ် လေးပတ်ကြာမြင့်မည်ဖြစ်ပြီး နှစ်ပတ်ကြာပြီးနောက်တွင် ပြန်လည်သုံးသပ်သွားမည် ဖြစ်ကြောင်းသိရသည်။
ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)
ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့
