Main menu

Background

အိန္ဒိယနိုင်ငံ၌ ကုန်သွယ်ရေးမူဝါဒအသစ်အတွက် အကြံပြုချက်များပေးပို့ရန် အစိုးရကဖိတ်ခေါ်ခြင်း

Tue, 11/17/2020 - 11:06 -- journal_editor

အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်ကပ်ရောဂါ အကျပ်အတည်းကြောင့် ပြည်ပကုန်သွယ်ရေးမူဝါဒ (၂၀၁၅-၂၀၂၀) အား၁ နှစ် သက်တမ်းတိုးမြှင့်၍ ကျင့်သုံးခဲ့ရာတွင် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်၌  ပြည့်မြောက် ကုန်ဆုံးမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ အိန္ဒိယအစိုးရသည် နောက်ထပ် ၅ နှစ် ကာလ အတွက် ပြည်ပကုန်သွယ်မှု မူဝါဒအသစ်ကို ရေးဆွဲချမှတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းရှိ ကုန်သွယ်ရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အကြံပြုချက်များပေးပို့ရန် အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက၁၂-၁၁-၂၀၂၀ နေ့၌ ကုန်သွယ်ရေးအသိပေး ချက် ၃၄/ ၂၀၂၀-၂၁ ကို ထုတ်ပြန်ခဲ့‌ကြောင်း သိရှိရသည်။

          အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) က ထုတ်ပြန်သော အဆိုပါ အသိ ပေးချက်တွင် ပြည်တွင်းရှိ ပြည်ပပို့ကုန်မြှင့်တင်ရေးကောင်စီများ၊ ကုန်သည်အသင်းများ၊ ကုန်စည် ကြီးကြပ်ရေး ဘုတ်အဖွဲ့များနှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအပါအဝင် ကုန်သွယ်မှု လုပ်ငန်းနယ်ပယ်ရှိ အဖွဲ့အစည်းများအနေဖြင့် အဆိုပါ ပြည်ပကုန်သွယ်ရေးမူဝါဒအသစ် ရေးဆွဲရာတွင် ထည့်သွင်းဖော်ပြစေလိုသော အချက်အလက်များနှင့် အကြံပြုချက်များအား ယခု ကြေညာချက် ထုတ်ပြန်သည့်နေ့မှ ၁၅ ရက်အတွင်း ပေးပို့နိုင်ကြောင်း၊ အချက်အလက်များအား ကောက်နှုတ်စုစည်းမှုနှင့် စိစစ်မှုများ လုပ်ဆောင်ရာတွင် ပိုမိုလွယ်ကူစေရန်အတွက် ဂူဂဲလ်ပုံစံ (Google Form) ၌ ဖြည့်စွက်လျက် အင်တာနက်ကွန်ယက်မှတစ်ဆင့်ပေးပို့ကြရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

          လက်ရှိ ၂၀၁၅-၂၀၂၀ပြည်ပကုန်သွယ်ရေးမူဝါဒအရ အိန္ဒိယလုပ်ငန်းရှင်များအနေဖြင့်ပို့ကုန် လုပ်ငန်းရှင်များအတွက် အကောက်ခွန်လွတ် သွင်းကုန်ခွင့်ပြုမှု (Duty Free Import Authorization - DFIA)၊ ပြည်ပပို့ကုန်ထုတ်လုပ်ရန်အတွက် မတည်ရင်းနှီးပစ္စည်းများ တင်သွင်းမှု အပေါ် အခွန်ကင်းလွတ်မှု (Export Promotion Capital Goods - EPCG)၊ အိန္ဒိယနိုင်ငံမှ ပြည်ပသို့ ကုန်စည်တင်ပို့မှုအပေါ် အထောက်အပံ့ပေးမှု (MEIS) နှင့် ဝန်ဆောင်မှုလုပ်ငန်းပို့ကုန်များအပေါ် အထောက်အပံ့ပေးမှု(SEIS)စသည်တို့အပါအဝင် အစိုးရ၏ ပို့ကုန်မြင့်တင်ရေး အစီအစဉ်များမှ တစ်ဆင့်ကင်းလွတ်သက်သာခွင့်များ ရရှိလျက်ရှိသည်။

          သို့ရာတွင် ၎င်း၏ ပြည်ပပို့ကုန်လုပ်ငန်းများအပေါ် အထောက်အပံ့ပေးသည့် အဆိုပါ အစီအမံများနှင့် စပ်လျဉ်း၍ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) ၌ အခြားနိုင်ငံများ နှင့် ကုန်သွယ်ရေးအငြင်းပွားမှုများကို ရင်ဆိုင်ရလျက်ရှိပြီး ၎င်းအစီအစဉ်များသည် ကုန်သွယ်ရေး စံနှုန်း သတ်မှတ်ချက်များနှင့် လျော်ညီမှုမရှိကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က ၂၀၁၉ ခုနှစ် အောက်တိုဘာလ၌ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထား သည်။

          ဗြိတိန်နိုင်ငံအခြေစိုက် စီးပွားရေးရာ အတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်သည့် Ernst & Young Global Limited မှ ပညာရှင် Mr. Bipin Sapraက အိန္ဒိယနိုင်ငံ၌ကုန်သွယ်ရေးမူဝါဒအသစ်ရေးဆွဲ ချမှတ်ရာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပို့ကုန်အပေါ် အခွင့်အရေးပေးမှုဆိုင်ရာ စည်းကမ်းချက် များကို ထည့်သွင်းစဉ်းစားရန်၊အချို့သော အစီအမံများသည် မျှော်မှန်းထားသည့် အကျိုးဖြစ်ထွန်း မှုမရရှိပဲ အချည်းနှီးဖြစ်ခဲ့ရသည့် အခြေအနေများ ကြုံတွေ့ရမှုအရ ပို့ကုန်မြှင့်တင်ရေး အစီအစဉ်များ ကို အသစ်တစ်ဖန်ပြန်လည် ရေးဆွဲရန်နှင့် အိန္ဒိယ၏ မိမိကိုယ်ပိုင်ရပ်တည်ရှင်သန်မှုကို အထောက် အပံ့ ပြုမည့် မူဝါဒများကို ချမှတ်ရန် လိုအပ်မည်ဖြစ်သည်ဟု ပြောဆိုကြောင်း Economic Times သတင်း ဌာနက ဖော်ပြသည်။

 

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့