ဆန်ကုန်သွယ်မှုမြှင့်တင်ဖို့ ဆန်ဈေးကွက်က ထိုင်းဆန်တင်ပို့မှုကို စောင့်မျှော်နေ အာရှဆန်ကုန်သွယ်မှုနည်းပါးနေတာကို မြှင့်တင်ဖို့ ယခုသီတင်းပတ်အတွင်း ကမ္ဘာ့ဈေးကွက်ကို ဆန် အမြောက် အမြား တင်ပို့ဖို့ ထိုင်းနိုင်ငံကမျှော်မှန်းထားပါတယ်။ ထိုင်းဆန်မတင်ပို့မီ ကာလအတွင်း အရောင်းအဝယ် နည်းပြီး ဈေးငြိမ်နေ တယ်လို့ ဈေးကွက်လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ လွန်ခဲ့တဲ့လအတွင်းက ဆန်ဝယ်လက် များဟာ ထိပ်တန်းနိုင်ငံက ဆန်တင်ပို့ရင် ဈေးကျမယ့် မျှော်လင့်ချက်နဲ့ စောင့်ဆိုင်းနေကြတဲ့ အတွက် ဆန်အရောင်းအဝယ် နှေးကွေးနေခြင်းဖြစ်ပါတယ်။ ထိုင်း လယ်သမားတွေက နှစ်သစ်ကူးပွဲတော်နီးကပ်လာပြီဖြစ်လို့ ဆန်ရိတ်သိမ်းမှု ကို အရှိန်အဟုန်မြင့်ဆောင်ရွက်နေခြင်းက ဆန်ရောင်းချမှုမြင့်တက်နိုင်ပြီး ပြည်တွင်းရော ပြည်ပတင်ပို့ ဆန်ဈေးကိုပါ ထပ်မံကျဆင်းစေပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်က ထိုင်း ၁ဝဝ မှတ်အဆင့် B ဆန်ဖြူ FOB ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၅၅၅ ရှိရာမှ ကန်ဒေါ်လာ ၅၅ဝ ကို လျော့ကျခဲ့ပြီး ၅ မှတ်ဆန်ဈေးကတော့ လွန်ခဲ့တဲ့ သီတင်းပတ်ဈေးနှုန်း တစ်တန်ကို ကန်ဒေါ်လာ ၅၃ဝ နဲ့ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ ၁ဝဝ မှတ်အဆင့် B ဆန်ဈေးကို တစ်တန်ကန်ဒေါ်လာ ၅ဝဝ-၅၂ဝ ခန့်ထိ ရောက်ရှိလာနိုင်တယ်လို့ လေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။ ဗီယက်နမ်နိုင်ငံမှာလည်း အစိုးရက ဘင်္ဂလားဒေ့ရှ်နဲ့ ဆန်အရောင်းအဝယ်ဆွေးနွေးနေခြင်းနဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား တို့က ဆန်တင်သွင်းမယ်ဆိုတဲ့ သတင်းတွေကို ဆန်တင်ပို့သူများ စောင့်မျှော်နေကြတဲ့အတွက် အရောင်းအဝယ် ငြိမ်သက် နေပါတယ်။ ဖိလစ်ပိုင်နိုင်ငံကလည်း လာမယ့်နှစ်အတွက် ဆန်ဝယ်ယူဖို့ အစီအစဉ်ကို အပြီးသတ်ဖို့ ရှိနေပါတယ်။ ဘင်္ဂလား ဒေ့ရှ်ကလည်း သိုလှောင်မှုပမာဏအမြောက်အမြားထားရှိဖို့ ဆန်တန်ချိန် ၅ သိန်း တင်သွင်းရေး ဗီယက်နမ်နဲ့ ရေရှည် ကုန်သွယ်မှုအတွက် နိုဝင်ဘာလ နှောင်းပိုင်းမှာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အစိုးရအချင်းချင်း ဆွေးနွေးနေစဉ်အတွင်း ဈေးနှုန်းအပြောင်းအလဲဖြစ်မှုကို ကန့်သတ်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်က ဗီယက်နမ်ဆန်ပြန်ရောင်းနေတဲ့ ကုမ္ပဏီများကို အရောင်းအဝယ်ရပ်တန့်ထားဖို့ လွန်ခဲ့တဲ့ သီတင်းပတ်က ဆန်တင်ပို့သူများကို ဗီယက်နမ် စားနပ်ရိက္ခာအသင်းမှ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဆန်လက်ကျန် လျော့ကျပြီး အသင်းကသတ်မှတ်တဲ့ ကြမ်းခင်းဈေးက အလွန်အမင်း မြင့်မားနေတာကြောင့် ဗီယက်နမ်ဆန် တင်ပို့သူတွေအနေနဲ့ ကမ်းလှမ်းမှုအသစ်တွေ မလုပ်သေး ဘူးလို့ ဆိုပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့မှာ အနိမ့်ဆုံးဈေး ၅ မှတ်ဆန် FOB ဈေးကို တစ်တန် ကန်ဒေါ်လာ ၅၄ဝ နဲ့ ၂၅ မှတ်ဆန်ဈေးကို ကန်ဒေါ်လာ ၄၈ဝ အထိ တိုးမြှင့် ခဲ့ပါတယ်။ အိန္ဒိယဟာ လွန်ခဲ့တဲ့ သီတင်းပတ်က သံတမန်ကုန်သွယ်ရေး သဘောအရ ဘင်္ဂလားဒေ့ရှ်ကို ဆန်တန်ချိန် ၅ သိန်း တင်ပို့ဖို့ ခွင့်ပြုတယ်လို့ သိရပါတယ်။ လမင်း၊Sources: commodityonline
Background
