ဓာတ်ဆီကို သတ်မှတ်ဂါလန်နှုန်းဖြင့် ရောင်းချနေ ယခုရက်ပိုင်းအတွင်းမှာ ဓာတ်ဆီလာထုတ်တဲ့ကားတွေ ပိုများလာတာကို တွေ့ရပါတယ်လို့ မြောက်ဒဂုံမြို့နယ်၊ ပြည်ထောင်စုလမ်းပေါ်မှာရှိတဲ့ ဆိုင်အမှတ် (ဝဝ၁)၊ 'ထူး' စက်သုံးဆီ ရောင်းဝယ်ရေးဆိုင်တာဝန်ခံ ဦးမြင့်ဆွေက ဒီဇင်ဘာ ၁၆ ရက် က ၎င်းဆိုင်ကိုရောက်ရှိခဲ့ချိန်မှာ အခုလိုပြောသွားတာဖြစ်ပါတယ်။ အဲဒီဆိုင်ကို စတင်ဖွင့်လှစ်ခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် ဇွန်လ ၁ဝ ရက်ကနေ ယနေ့ အချိန်ထိ ဓာတ်ဆီဈေးနှုန်းကို ပြောင်းလဲမှုမလုပ်ခဲ့ဘူးလို့ ပြောပါတယ်။ အဲဒီ အချိန်ကဆိုရင် စွမ်းအင်ဝန်ကြီးဌာနနဲ့ ထူးရုံးချုပ်တို့က ချမှတ်ထားတဲ့ မူအတိုင်း ဆိုင်မှာ ဆီလာထုတ်တဲ့ကားတွေကို သူတို့လိုသလောက် ရောင်းချပေးခဲ့တယ်လို့ လည်း သိရပါတယ်။ ဒီလိုရောင်းချပေးရာမှာ တစ်ရက်ကို ဓာတ်ဆီဂါလံ ၃ဝဝဝ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုမိုျးတစ်ရက်မှာ ကားတစ်စီး ဓာတ်ဆီဘယ်လောက်ပဲ ထုတ်ခွင့်ရှိတယ်လို့ စတင်သတ်မှတ်ချိန်က ဆိုင်မှာဆီလာထုတ်တဲ့ကား နည်းတဲ့အတွက် နိုဝင်ဘာ ဒုတိယပတ်အထိ ကားတစ်စီးကို ၈ ဂါလန်ရောင်းချပေးနိုင်ခဲ့ပါတယ်။ နိုဝင်ဘာ ဒုတိယပတ်နောက်ပိုင်းမှာ ဓာတ်ဆီထုတ်တဲ့ကား များလာတဲ့အတွက် ကားတစ်စီး တစ်ရက် ၄ ဂါလန်နှုန်းကို ပြောင်းလဲလိုက်ရတယ်လို့ ဦးမြင့်ဆွေက ပြောပါတယ်။ ဒါပေမယ့် လေးဘီးကားလေးတွေကိုတော့ ၂ ဂါလန်သာ ရောင်းချပေးကြောင်းကို လည်း ဦးမြင့်ဆွေ က ပြောပါတယ်။ ဘုရားဖူးယာဉ်တွေကိုတော့ ၆ ဂါလန်အထိ ရောင်းချပေးပြီး ခရီးစဉ်လမ်းကြောင်းအတွက် ကားတွေကို ၈ ဂါလန်အထိ ရောင်းပေးတယ်လို့လည်း ပြောပါတယ်။ ယခုရက်ပိုင်းအတွင်း ဓာတ်ဆီထုတ်တဲ့ကား များလာတာဟာ တစ်ဂါလန် ကျပ် ၂၅ဝဝ ဖြစ်လို့ လမ်းဘေးဆိုင်တွေထက် ဈေးသက်သာတာကတစ်ကြောင်း၊ ဆီရဲ့ စွမ်းအားပြည့်ဝတာကြောင့် တစ်ကြောင်း၊ ဝယ်ယူတဲ့ဂါလန်ကို အပြည့်အဝ ရရှိလို့ကြောင့်တစ်ကြောင်း ဖြစ်တယ်လို့ ပြောပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့က ဆိုင်မှာ ဓာတ်ဆီလာထုတ်တဲ့ကား ၅၈ဝ စီးရှိခဲ့တာမှာ ဂါလန် ၂၂ဝ၈ ရောင်းချခဲ့ရ တယ်လို့ ဦးမြင့်ဆွေက ပြောသွားခဲ့ပါတယ်။ ဝင်းဦး
Background