ဂါနာနိုင်ငံရဲ့ ဆန်ဝယ်လိုအားတန်ချိန် တစ်သောင်းခန့် မြင့်တက်နိုင်

ဂါနာနိုင်ငံရဲ့ ဆန်ဝယ်လိုအားတန်ချိန် တစ်သောင်းခန့် မြင့်တက်နိုင်               ဂါနာနိုင်ငံရဲ့ ဆန်တင်သွင်းမှုဟာ ၂ဝ၁ဝ-၁၁ ဈေးကွက်ရာသီအတွင်း တန်ချိန် ၃၂ဝဝဝဝ ခန့်ရှိခဲ့ရာမှ ၂ဝ၁၁-၁၂ မှာ တန်ချိန် ၃၃ဝဝဝဝ ထိ တိုးတက်ဖွယ်ရှိတယ်လို့ နောက်ဆုံးထုတ်ပြန်တဲ့သတင်းမှာ ဖော်ပြထားပါတယ်။ ပြည်တွင်းဆန်ဝယ်လိုအား ပိုလာခြင်းကြောင့်လို့ USDA  ပြည်ပစိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဆန်ဈေးနှုန်းမြင့်တက်နိုင်ပေမဲ့ အဲဒီပမာဏတင်သွင်းခြင်းဟာ ကန်ဒေါ်လာ သန်း ၃ဝဝ ခန့် ကုန်ကျလိမ့်မယ်လို့ ဆိုပါတယ်။ ၂ဝ၁ဝ-၁၁ ဈေးကွက်ရာသီအတွင်း ပြည်တွင်းထုတ်လုပ်မှုဟာ တန်ချိန် ၂၉၅ဝဝဝ ရှိရာမှ ၂ဝ၁၁-၁၂ မှာ တန်ချိန် ၃၁ဝဝဝဝ ထိ တိုးတက်နိုင်တယ်လို့လည်းဆိုပါတယ်။ အစိုးရက အထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်တဲ့ စပါးမျိုးစေ့များ ထောက်ပံ့ပေးခြင်းနဲ့ ကုန်ကျစရိတ်နည်းတဲ့ ရေပေးဝေရေးစီမံကိန်းများနဲ့ ဆောင်ရွက်ပေးတာကြောင့် အထွက်နှုန်း သိသိသာသာတိုးလာခြင်း ဖြစ်တယ်လို့ဆိုပါတယ်။                  ပြည်တွင်းစားသုံးမှုအနေနဲ့ ၂ဝ၁၁-၁၂ မှာ တန်ချိန် ၆၂ဝဝဝဝ ခန့်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဂါနာနိုင်ငံရဲ့ လူတစ်ဦး ဆန်စားသုံးမှုဟာ လက်ရှိအချိန်မှာ ၃၈ ကီလိုရှိနေပြီး၊ ၂ဝ၁၅ ခုနှစ်မှာ ကီလို ၆၃ အထိ မြင့်တက်နိုင်လို့ အဲဒီကာလမှာ လိုအပ်ချက်ဟာ တန်ချိန် ၁ ဒသမ ၆၈ သန်းအထိ မြင့်တက်လာလိမ့်မယ်လို့ အမျိုးသား ဆန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း NRDS က မကြာသေးခင်မှာ ပြောကြားခဲ့ပါတယ်။ ဂါနာပြည်သူအများစုရဲ့ အဓိက အစားအစာဖြစ်သောကြောင့် လူဦးရေ တိုးတက်လာတာနဲ့အမျှ နောင်နှစ်များမှာ ဆန်စားသုံးမှုလည်း တိုးတက်လာမယ်လို့ဆိုပါတယ်။ ဂါနာမြို့ပြလူများဟာ အရည်အသွေးပိုမြင့်တဲ့ ပြည်ပကတင်သွင်းဆန်ကို ပိုနှစ်သက်ကြပြီး စုစုပေါင်း ဆန်စားသုံးမှုရဲ့ ၇၆ ရာခိုင်နှုန်းခန့်ကို မြို့ပြဈေးကွက်က ဝယ်ယူစားသုံးတယ်လို့ စားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်နဲ့ စာရင်းအစီရင်ခံချက်အရသိရပါတယ်။ ပြည်တွင်းထုတ်ဆန်ရဲ့ ၂ဝ ရာခိုင်နှုန်းခန့်သာ မြို့ပြလူများစားသုံးပြီး၊ ကျန်ပမာဏကို ကျေးလက်နေပြည်သူများက စားသုံးတယ်လို့ဆိုပါတယ်။ အချို့ဂါနာပြည်သူ များဟာ ဈေးနှုန်းကြီးမြင့်တဲ့တိုင် အရည် အသွေးကောင်းမွန်တဲ့ ထိုင်းဆန်မွှေးနဲ့ အမေရိကန်ဆန်ကို ပိုမိုနှစ်သက်ကြတယ်လို့ဆိုပါတယ်။                ၂ဝဝ၈ ခုနှစ် မေလ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်း သက်ရောက်မှုကြောင့် ဂါနာအစိုးရဟာ ဆန်နဲ့အခြားထုတ်ကုန် များအပေါ် စည်းကြပ်တဲ့အခွန် ၂ဝ ရာခိုင်နှုန်းကို ဖယ်ရှားခဲ့ပေမဲ့ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ မှာတော့ ပြန်လည်ကောက်ခံ ခဲ့ပါတယ်။ အခွန်ပြန်လည်ကောက်ခံမှုကြောင့် ၂ဝ၁ဝ ခုနှစ်အတွင်း ဆန်တင်သွင်းမှု နှေးကွေးလာခဲ့ပေမဲ့ ဝယ်လိုအား တိုးနေခြင်းနဲ့အတူ ဆန်တင်သွင်းမှု အခွင့်အရေးပိုများလာပါတယ်။ ဂါနာကို ဆန်တင်ပို့တဲ့ နိုင်ငံများကတော့ အမေရိကန်၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ ပါကစ္စတန်၊ အိန္ဒိယနဲ့ ကိုရီးယားတို့ ဖြစ်ပါတယ်။                    အမေရိကန်နိုင်ငံက အများဆုံးတင်ပို့သူအဖြစ် ဈေးကွက်ဝေစု ၃ဝ ရာခိုင်နှုန်းကို ရရှိထားပါတယ်။ လက်ကား ဈေးကွက်မှာ အမေရိကန်ဆန် ၅ဝ ကီလိုတစ်အိတ်ကို ကန်ဒေါ်လာ ၅၃ ဒသမ ၃၃ နဲ့ ၆၆ ဒသမ ၆၆ အတွင်းရှိပြီး၊ ထိုင်းဆန်ဈေးက ကန် ဒေါ်လာ ၈ဝ နဲ့ ၁ဝဝ ကြား၊ တရုတ်ဆန်က ကန်ဒေါ်လာ ၄ဝ နဲ့ ၄၆ ဒသမ ၆ ရှိတယ်လို့သိရ ပါတယ်။ လမင်းး၊Source: riceonline.com