Main menu

Background

မန္တလေးမြို့ ၇ မြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိနိုင်ရန် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ၂ဝ၁၁ ခုနှစ်အတွင်း အကောင်အထည်ဖော်မည်

Tue, 08/30/2011 - 05:47 -- Anonymous (not verified)

မန္တလေးမြို့ ၇ မြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိနိုင်ရန် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ၂ဝ၁၁ ခုနှစ်အတွင်း အကောင်အထည်ဖော်မည်                 မန္တလေး ခုနစ်မြို့နယ်တွင်း လျှပ်စစ်မီးနှင့် ရေသုံးစွဲမှု ပြည့်ဝစွာရရှိရန် ရပ်ကွက်များ၊ စက်ရုံ၊ အလုပ်ရုံများနဲ့ ရေတွန်းစက်ရုံများသို့ လျှပ်စစ်ဓါတ်အား ပြည့်ဝစွာထုတ်လွှတ်ပေးနိုင်ရန် မြောက်ပြင်ပင်မဓာတ်အားခွဲရုံကို တည် ဆောက်လျက်ရှိကြောင်း သိရပါတယ်။ မြောက်ပြင်ပင်မဓာတ်အားခွဲရုံတွင် ၂၃ဝ ကေဗွီဓာတ်အားလက်ခံသော ၁ဝဝ အမ်ဗွီအေ ထရန်စဖော်မာ နှစ်လုံး တည်ဆောက် လျက်ရှိပြီး၊ တည်ဆောက်ပြီးစီးပါက ၃၃ ကေဗွီရှိ ဓာတ်အား လိုင်း ကိုးလိုင်းဖြင့် ဓာတ်အားလိုင်း မိုင်ပေါင်း ၄၄ မိုင် ကို ဖြန့်ဖြူးပေးမှာ ဖြစ်ကြောင်း သိရပါတယ်။                    မန္တလေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းလျှပ်စစ်အင်ဂျင်နီယာ ဦးစိန်ဝင်းမြင့်က ''အခု မန္တလေးမြို့ပေါ်ရော စက်မှုဇုန်မှာပါ ၂၄ နာရီလျှပ်စစ်မီးပေး ထားတယ်။ မန္တလေးမြို့ပေါ်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏ ၁၃ဝ မဂ္ဂါဝပ်ကနေ ၁၅ဝ မဂ္ဂါဝပ်ကြားရှိတယ်။ မြောက်ပြင်ဓာတ်အားခွဲရုံပြီးရင် မီးအား အပြည့်အဝ ရရှိနိုင်မယ်။ ဓာတ်အား ပြတ်တောက်မှု၊ ပျောက်ဆုံးမှုက ခါတိုင်းထက်နည်းသွားမယ်။ လက်ရှိပေးနေတဲ့ ဓာတ်အားခွဲရုံ သုံးရုံအပြင် မြောက်ပြင်ဓာတ်အားခွဲရုံပြီးသွားရင် ခံနိုင်ဝန်အား လည်း ကောင်းသွားမှာဖြစ် တဲ့အတွက် တံခွန်တိုင်ဓာတ်အားခွဲရုံကို ခဏရပ်ပြီး၊ ခုထက်ဗို့အားကောင်းတဲ့ စက်တွေ ပြန်တပ်ဆင် သွားမယ်။ မြောက်ပြင်ဓါတ်အားခွဲရုံကနေ အရံအနေနဲ့ ၂ လိုင်းချန်ပြီး၊ ဧရာဝတီမြစ်ရေတင် စီမံကိန်းအတွက် သီးသန့်လွှတ်ပေးမယ်။                      ၃၅ လမ်းက မလွန်ရေတွန်းစက်ရုံ အတွက်လည်း သီးသန့်လွှတ်ပေးမယ်။ ရေတွန်းစက်ရုံတွေက ရပ်ကွက်နဲ့အတူတူ ဓာတ်အားတစ်လိုင်းတည်း သုံးစွဲ ရတော့ အားမပြည့်တဲ့အတွက် ရေအပြည့်မမောင်းနိုင်ဘူး။ နွေရာသီဆို သုံးစွဲမှုများတော့ ရေအတွက်ရော၊ မီးအတွက် ရော အခက်အခဲဖြစ်တယ်။ ရေတွန်းစက်ကို တံခွန်တိုင်ဓါတ်အားခွဲရုံက ပေးရတော့ ဝေးတဲ့အတွက် မီးအားပြုတ်ကျသွားတာမျိုးဖြစ်တယ်။ ဒါကြောင့် ဒီနှစ်မကုန်ခင်မှာ ပြီးအောင် တည်ဆောက်မယ်ခန့်မှန်းတယ်။ ဓာတ်အားခွဲရုံ မှ နောက်ထပ်ဓာတ်အား လိုင်းတစ်လိုင်းကို အရန်အဖြစ်ချန်ထားပြီး နန်းတွင်းအတွက် ၃၃ ကေဗွီဓာတ် အား ထုတ်လွှတ်ပေး မယ်''လို့ ပြောပါတယ်။                         မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ တံခွန်တိုင် ဓာတ်အားခွဲရုံ၊ အောင်ပင်လယ်ဓာတ်အားခွဲရုံ နဲ့ ရွှေစာရံဓာတ်အားခွဲရုံမှ မန္တလေးခရိုင်ရှိ ခုနစ်မြို့နယ်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်။ တံခွန်တိုင်ဓာတ်အားခွဲရုံမှ ၁၃၂ ကေဗွီဓာတ်အားလက်ခံတဲ့ ထရန်စဖော်မာ ၃ လုံးမှ ၁ လုံးစီ ၉ဝ ရာခိုင်နှုန်းရှိ ဓာတ်အားများ ထုတ်လွှတ်ပေး၍ ရွှေစာရံ ဓာတ်အားခွဲရုံမှ ၂၃ဝ ကေဗွီဓါတ်အားလက်ခံတဲ့ ထရန်စဖော်မာတစ်လုံးမှ ၈ဝ ရာခိုင်နှုန်းကျော် ဓာတ်အားထုတ်လွှတ်ပေးပြီး၊ အောင်ပင်လယ်ဓာတ်အား ခွဲရုံမှ ၁၃၂ ကေဗွီဓာတ်အား လက်ခံတဲ့ ထရန်စဖော်မာ နှစ်လုံးဖြင့် ၇၅ ရာခိုင်နှုန်းနီးပါး ဓာတ်အားထုတ်လွှတ်ပေးလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ပင်မဓာတ်အားရုံ သုံးရုံမှ မန္တလေး ၇ မြို့နယ်သာမက မန္တလေးနဲ့ ဆက်စပ်လျက်ရှိတဲ့ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်မြို့များ သို့လည်း ဓာတ်အားများ ထုတ်လွှတ်ပေးကြောင်း သိရပါတယ်။ ယခုတည်ဆောက်လျက်ရှိတဲ့ မြောက်ပြင်ဓာတ်အားခွဲရုံမှ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၉ လိုင်း၊ ရွှေစာရံဓာတ်အားခွဲရုံမှ ဓာတ်အားလိုင်း တစ်လိုင်း၊ နန်းတွင်းအရံဓာတ်အားလိုင်း တစ်လိုင်း၊ မလွန် ရေတွန်းစက်ရုံ အတွက် အရံဓာတ်အားလိုင်း တစ်လိုင်း တည်ဆောက်ပြီးသွားရင် ယခုထက်ပို၍ ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး