အိန္ဒိယဆန်တစ်တန် ကန်ဒေါ်လာ ၄၇၀ နဲ့ နိုက်ဂျီးရီးယားကိုရောင်း
အိန္ဒိယဆန်တစ်တန် ကန်ဒေါ်လာ ၄၇၀ နဲ့ နိုက်ဂျီးရီးယားကိုရောင်း စားနပ်ရိက္ခာဝန်ကြီးက ဆန်တန်ချိန် ၂ သန်းတင်ပို့ခွင့် ပြုပြီးနောက် ပထမဆုံးရောင်းချမှုအနေနဲ့ အိန္ဒိယ ကုန်သွယ်ရေးကုမ္ပဏီကြီးတစ်ခုက ပြိုင်ဖက် ထိုင်းနဲ့ဗီယက်နမ်ဈေး ထက်လျှော့ချပြီး တစ်တန်ကန်ဒေါ်လာ ၄၇၀ နဲ့ နိုက်ဂျီးရီး ယားကို ဘာစမာတီမဟုတ်တဲ့ ဆန်တန် တစ်သိန်းရောင်းချခဲ့ပါတယ်။ ဒါ့အပြင် အဲဒီကုမ္ပဏီဟာ ဘင်္ဂလားဒေ့ရှ်ကို ဂျုံ FOB တစ်တန် ကန်ဒေါ်လာ ၂၈၀ နဲ့ တန်ချိန် ၅၀၀၀၀ ကိုလည်း ရောင်းချတယ်လို့လည်း ကုန်သည်တစ်ဦးကပြောကြားပါ တယ်။ စက်တင်ဘာ ၈ ရက်က စားနပ်ရိက္ခာဝန်ကြီး ကေဗွီသော မတ်စ်မှ ဆန်နဲ့ဂျုံတန်ချိန် ၂ သန်းစီတင်ပို့ဖို့ ပုဂ္ဂလိက ကုန်သည်တွေကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လအတွင်းက အိန္ဒိယအစိုးရက ဆန်တန်ချိန် ၁ သန်း ခွင့်ပြုခဲ့ပြီး ကြမ်းခင်း ဈေးတစ်တန် ကန်ဒေါ်လာ ၄၀၀ နဲ့ သတ်မှတ်ခဲ့ပေမဲ့ ဆန် ကိုတာခွင့်ပြုမှုနဲ့ ပတ်သက်လို့ စွပ်စွဲချက်များကြောင့် တရားရုံးမှ ဆုံးဖြတ်ဖို့ဆောင်ရွက်ခဲ့ပါတယ်။ ယခုအစိုးရမှ နောက်ဆုံးခွင့်ပြုလိုက်တဲ့ ဆန်တန်ချိန် ၂ သန်းထဲမှာ ယခင်ခွင့်ပြုတဲ့ ဆန် အပါအဝင်ဟုတ်မဟုတ် ထင်ထင်ရှားရှားမသိရသေးဘူးလို့ အိန္ဒိယဆန် တင်ပို့သူများအသင်းခေါင်းဆောင် Vijay Setia က ဆိုပါတယ်။ ထိပ်တန်းဆန်တင်ပို့နိုင်ငံများဖြစ်တဲ့ ထိုင်းနဲ့ဗီယက်နမ်တို့ က ဆန်အမျိုးအစားပေါ်မူတည်ပြီး FOB တစ်တန် ကန် ဒေါ်လာ၅၄၀ - ၆၀၀ခန့် ရောင်းချနိုင်တယ်လို့ ကုန်သည်များ ကဆိုပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ အပတ်စဉ်ဈေးနှုန်း အရ ထိုင်း ၁၀၀ မှတ် အဆင့်ဘီဆန်ဖြူဈေးဟာ တစ်တန်ကန်ဒေါ်လာ ၆၄၀ ရှိခဲ့လို့ ၃ နှစ်နီးပါးအတွင်း အမြင့်ဆုံး ဈေး ရောက်ရှိခဲ့ခြင်းဟာ ကမ္ဘာ့ဒုတိယဆန်အများဆုံးတင်သွင်းတဲ့ နိုက်ဂျီးရီးယားရဲ့ဝယ်လိုအားမြင့်တက်ဖို့ အထောက် အပံ့ဖြစ်စေ ပါတယ်။ လက်ရှိ အိန္ဒိယဈေးနှုန်းက ယှဉ်ပြိုင်နိုင်စွမ်းအရှိဆုံးဖြစ်လို့ စာချုပ်များများ ချုပ်ဆိုရမယ့် အခွင့်အလမ်းတွေ ရှိလာတယ်လို့ K.S ကုမ္ပဏီမှ ဒါရိုက်တာ Mohan Norang က ဆိုပါတယ်။ ထိုင်းနိုင်ငံက ယခင်နှစ်တင်ပို့ခဲ့တဲ့ ဆန်တန်ချိန် ၉ သန်းရှိခဲ့ရာမှ ယခုနှစ်မှာ တန်ချိန် ၁၀ သန်းကျော်အထိ တင်ပို့ဖို့ရည်မှန်းထားပါတယ်။ ဒုတိယ အများဆုံးတင်ပို့တဲ့ ဗီယက်နမ် ကလည်း ၂၀၁၀ ခုနှစ်အတွင်း အမြင့်ဆုံးတင်ပို့ခဲ့တဲ့ ပမာဏထက်ကျော်လွန်ပြီး၊ ယခုနှစ်မှာ တန်ချိန် ၇ သန်း တင်ပို့ဖို့ စီစဉ်ထားပါတယ်။ အာဖရိက၊ အရှေ့တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းက ဝယ်လိုအားကောင်းနေတဲ့အတွက် အိန္ဒိယဆန်ဈေးက အခြား ဆန်ရောင်းနိုင်ငံကြီးတွေထက် ပိုမိုဆွဲဆောင်နိုင်တယ်လို့ ဆန် တင်ပို့သူများအသင်းဥက္ကဌ Setia ကဆိုပါတယ်။ အိန္ဒိယအစိုးရဟာ တောင်သူတွေဆီက ဆန်တစ်တန်ကန်ဒေါ်လာ ၂၃၅ နဲ့ ဝယ်ယူခြင်းက ပြည်ပတင်ပို့မှုမှာ ဆွဲဆောင် နိုင်တဲ့ပမာဏကို ရောက်ရှိစေပါတယ်။ ဒါပေမဲ့ ဂျုံတင်ပို့မှုကတော့ ရုရှားလို အခြားပြိုင်ဖက် နိုင်ငံတွေကို လတ်တလောအခြေအနေမှာ ယှဉ်ပြိုင်ခြင်း မရှိသေးလို့ နှေးကွေးနေဦးမယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်က ကမ္ဘာ့အများဆုံး ဂျုံတင်သွင်းတဲ့ အီဂျစ်နိုင်ငံ က ရုရှားနဲ့ ကာဇစ္စတန်နိုင်ငံတို့က FOB တစ်တန် ကန်ဒေါ်လာ ၂၈၉ ဒသမ ၇၀-၂၉၁ ဒသမ ၅၀ ဈေးနဲ့ တန်ချိန် ၃ သိန်းဝယ်ယူခဲ့ပါတယ်။ အိန္ဒိယကုမ္ပဏီများက ဇူလိုင်လ အတွင်း ဂျုံတစ်တန် ကန်ဒေါ်လာ ၃၀၀ ဝန်းကျင်နဲ့ ကမ်းလှမ်း ခဲ့ပေမဲ့ ပင်လယ်နက်က ရောင်းချသူတွေက ကန်ဒေါ်လာ ၂၄၄ ဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရ သိုလှောင်ရုံတွေမှာ ဆန်လက်ကျန်ဟာ သြဂုတ်လ ၁ ရက်နေ့မှာ တန်ချိန် ၉ ဒသမ ၈သန်းရှိဖို့ ရည်မှန်းထားပေမဲ့ တန်ချိန် ၂၅ ဒသမ ၂၇ သန်းရှိနေပြီး ဂျုံလက်ကျန်ကလည်း ဇူလိုင်-စက်တင်ဘာ ၃ လအတွင်း သိုလှောင်ရည်မှန်းတန်ချိန် ၁၇ ဒသမ ၁ သန်းထက်ပိုမိုပြီး တန်ချိန် ၃၅ ဒသမ ၈၇ သန်းရှိနေတယ်လို့သိရပါတယ်။ လမင်း Source: Reuters
