စားအုန်းဆီကြမ်း ဈေးပြန်တက်ပေမယ့် တင်ပို့မှုနည်းခြင်းက ဈေးနှုန်းမြင့်တက်မှုကို ကန့်သတ်နိုင် ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ယခင်ရက်များက စားအုန်းဆီကြမ်း ကြိုပွိုင့် ဈေး လျော့ကျနေရာမှ စက်တင်ဘာလ ၁၄ ရက်မှာ အဝယ်ပြန်လိုက်လာလို့ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ ဒါပေမယ့် စက်တင်ဘာလ အတွင်း တင်ပို့မှုနည်းခြင်း၊ လက်ကျန်ပမာဏများခြင်းနဲ့ ပတ်သက်လို့ဈေးနှုန်းမြင့်တက်မှုကို ကန့်သတ်နိုင် တယ်လို့ ခန့်မှန်း ထားပါတယ်။ နိုဝင်ဘာလ အခြေခံစံနှုန်း စားအုန်းဆီကြမ်းဈေးဟာ စက်တင်ဘာ ၁၃ ရက်ထက် ၁ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန် ရင်းဂစ် ၃၀၆၅ (ကန်ဒေါ်လာ ၉၉၄)ဈေးဖြစ်ခဲ့ပါတယ်။ စက်တင်ဘာလ ပထမ ၁၅ ရက်အတွင်း ပြည်ပဝယ်လိုအားက ယခင်လထက် ၃၁ - ၃၂ ရာခိုင်နှုန်းခန့်ကျဆင်းပြီး၊ တန်ချိန် ၆၅၀၀၀၀ ခန့်သာရှိလို့ ယခုသီတင်းပတ်အတွင်း စားအုန်းဆီဈေးပြန်လည်ကျဆင်း ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းထားပါ တယ်။ အမေရိကန်စိုက်ပျိုးရေးဌာနက စက်တင်ဘာ ၁၂ ရက်မှာ အမေရိကန်သီးနှံ ထုတ်လုပ်မှု အလားအလာကို ၁ ရာခိုင်နှုန်း တိုးမြှင့်ခန့်မှန်းလိုက်ခြင်းကလည်း ဈေးနှုန်းကို ပိုမိုကျဆင်းစေနိုင်ပါတယ်။ ပဲပုပ်ထုတ်လုပ်မှုမြင့်တက်ခြင်းဟာ ပဲပုပ်ဆီဈေးကို ကျဆင်းစေနိုင်တာကြောင့် စားအုန်းဆီထုတ်ကုန်နဲ့ ပဲပုပ်ဆီအကြားကွာဟမှု နည်းသွားနိုင်တယ်လို့ စင်ကာပူ အခြေစိုက်ကုန်သည်တစ်ဦးက ပြောကြားပါတယ်။ မလေးရှားဆိပ်ကမ်းများမှာ အောက်တိုဘာလ သင်္ဘောတင်ရမယ့် သန့်စင်ပြီးစားအုန်းဆီ (Palm olein)ဈေးဟာ အာဂျင်တီးနား ဆိပ်ကမ်းများက ပဲပုပ်ဆီကြမ်းဈေးထက် တစ်တန်ကန်ဒေါ်လာ ၁၄၅ လျော့ကျနေတယ်လို့ လည်း ဆိုပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က ဈေး ၂ ခု ကွာဟမှုဟာ ကန်ဒေါ်လာ ၂၀၀-၂၂၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။ ဒုတိယ လဝက်အတွင်း အိန္ဒိယနဲ့ တရုတ်တို့က ဝယ်လိုအားတက်မလာဘူး ဆိုရင်ကျန်သီတင်းပတ်တွေမှာ စားအုန်းဆီဈေး ပြန်ကျဆင်းနိုင်တယ်လို့ ကွာလာ လမ်ပူ အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒါပေမယ့် ကမ္ဘာ့စီးပွားရေး အခြေအနေဆိုးဝါးခဲ့ရင် ကာလတိုအတွင်း စားအုန်းဆီဈေး တစ်တန်ရင်းဂစ် ၃၀၀၀ (ကန်ဒေါ်လာ ၉၇၃)မှာရှိနိုင်တယ်လို့ လေ့လာဆန်းစစ်သူ Tanuj Shori က ပြောကြားပါတယ်။ လက်ငင်းဈေးကွက်မှာ အောက်တိုဘာလအတွက် သန့်စင်ပြီးစားအုန်းဆီ တစ်တန် ကန်ဒေါ်လာ ၁၀၉၅ နဲ့ ကမ်းလှမ်းခဲ့ပြီး၊ ချက်ချင်းပို့ရမယ့် စားအုန်းဆီ ကြမ်းဈေးဟာ ရင်းဂစ် ၃၀ မြင့်တက်ပြီး၊ ရင်းဂစ် ၃၁၄၀ (ကန်ဒေါ်လာ ၁၀၁၈) ဈေးနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.cm
Background