ဈေးကွက် လမ်းကြောင်းပွင့်လို့ ဆောင်းနှမ်းစိုက်သူများလာနိုင် မုံရွာနယ်မှာ စိုက်ပျိုးခဲ့ကြတဲ့ မိုးနှမ်းတချို့ အထွက်လျော့လို့ တောင်သူတွေ တွက်ခြေမကိုက်ခဲ့ကြပေမယ့် နှမ်းကို ပြည်ပ တိုက်ရိုက် တင်ပို့ခွင့်ပြုပြီးတဲ့နောက် တဖြည်းဖြည်းတက်လာမယ့် နှမ်းဈေးကို မျှော်လင့်ရင်း တချို့ကျေးရွာတွေမှာ ဆောင်းနှမ်း ကြဲနေကြပြီလို့ သိရပါတယ်။ မုံရွေးအုပ်စု နွားထိမ်းကျေးရွာက ယာတောင်သူ ဦးသန်းဝင်းကတော့ ယခုရက်ပတ်အတွင်း မှာ ဆောင်းနှမ်း(နှမ်းဖြူ) ၅ ဧက ကြဲပြီးခဲ့တယ်လို့ ဆိုပါတယ်။ မျိုးဈေးက နှမ်းဖြူ တစ်ပြည်ကို ၁၆၀၀ ကျပ်ပေးရပြီး၊ တစ်ဧကကို ခပ်ထူထူ ၃ ပြည်ကြဲခဲ့တယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၁၅ ရက်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ နှမ်းဈေးတွေကို လေ့လာ ကြည့်ရင် နှမ်းညိုတစ်တင်း ၁၇၂၀၀ ကျပ်မှ ၁၉၀၀၀ ကျပ်၊ နှမ်းဝါတစ်တင်း ၁၈၀၀၀ ကျပ်မှ ၁၉၇၀၀ ကျပ်၊ နှမ်းနီတစ်တင်း ၁၈၀၀၀ ကျပ်မှ ၁၉၆၀၀ ကျပ်နဲ့ နှမ်းဖြူတစ်တင်း ၂၀၀၀၀ ကျပ်မှ ၂၁၀၀၀ ကျပ် တဖြည်းဖြည်း တက်ဈေးရလာတာတွေ့ရပြီး၊ ယခု ၁၅ ရက်အထိ မန္တလေးကို တင်း ၃၀၀၀ ခန့် စီးထွက်သွား တာတွေ့ရပါတယ်။ ယာတောင်သူတွေအနေနဲ့ ဆက်သွယ်ရေးစနစ်တွေ တိုးတက်ကောင်းမွန်လာတဲ့ ယနေ့ခေတ် မှာ ဈေးကွက် သတင်းအချက်အလက်တွေ ရယူပိုင်ဆိုင်လာကြပြီး၊ အခုလို နိုင်ငံတော်က နှမ်းနဲ့မြေပဲ ကို ပြည်ပသို့ လွတ်လပ်စွာ တင်ပို့ရောင်း ချနိုင်ပြီဖြစ်တဲ့အတွက် ပွင့်လင်းလာမယ့် ဈေးကွက်မျှော်လင့်ချက်နဲ့ ဆောင်းနှမ်းမျိုးစုံကို အားတက်သရော စိုက်ပျိုးလာကြ မှာ မြင်ယောင်မိပါကြောင်း......။ ထွန်းလှိုင်။
Background