Main menu

Background

အိန္ဒိယရဲ့ ကြက်သွန်နီပြည်ပဈေးကွက်များ တရုတ်နဲ့ ပါကစ္စတန်ကို ဆုံးရှုံး

Sun, 10/02/2011 - 06:26 -- Anonymous (not verified)

အိန္ဒိယရဲ့ ကြက်သွန်နီပြည်ပဈေးကွက်များ တရုတ်နဲ့ ပါကစ္စတန်ကို ဆုံးရှုံး                  အိန္ဒိယအစိုးရက ကြက်သွန်နီတင်ပို့မှုပိတ်ပင်ခြင်းကို ပြန်ဖွင့်ခဲ့ပေမဲ့ တင်ပို့ဈေးနှုန်းမြင့်တက်ခြင်းနဲ့ မရေရာတဲ့ မူဝါဒများကြောင့် ၎င်းင်းရဲ့ပြည်ပဈေးကွက်များဟာ အိမ်နီးချင်းပြိုင်ဖက် တရုတ်နဲ့ပါကစ္စတန်ကို ဆုံးရှုံးနေရတယ်လို့ ပြည်ပ တင်ပို့သူ များကဆိုပါတယ်။ ကြက်သွန်နီ ပြည်ပတင်ပို့မှု ပိတ်ပင်ခြင်းပြန်ဖွင့်ခဲ့တဲ့ စက်တင်ဘာ၂၀ ရက်မှ ၂၇ ရက်ထိ ယခင် သီတင်းပတ်အတွင်း ကြက်သွန်နီတန်ချိန် ၄၀၀၀-၅၀၀၀ မျှသာ တင်ပို့နိုင်ခဲ့တယ်လို့ မွန်ဘိုင်း အခြေစိုက်စိုက်ပျိုးရေး ထုတ်ကုန်တင်ပို့သူများအသင်း (AEA) အရာရှိတစ်ဦးကဆိုပါတယ်။                  အိန္ဒိယကြက်သွန်နီ ပုံမှန်အားဖြင့် ပင်လယ်ကွေ့နိုင်ငံများ၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ သီရိလင်္ကာတို့က ဝယ်ယူပေမယ့် ယခုအခါ ဈေးအနိမ့်နဲ့ရောင်းချနေတဲ့ တရုတ်နဲ့ပါကစ္စတန်ကြက်သွန်နီနဲ့ ယှဉ်ပြိုင် ရောင်းချဖို့ ခက်ခဲနေပြီလို့ဆိုပါတယ်။ အိန္ဒိယဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာမှာ ကြက်သွန်နီ ဒုတိယအများဆုံး ထုတ်လုပ်သူဖြစ်ပါတယ်။ အိန္ဒိယအစိုးရက စက်တင်ဘာလ ၂၀ ရက်က ကြက်သွန်တင်ပို့မှု ပြန်လည်ခွင့်ပြုပြီးနောက် ပြည်ပတင်ပို့မှု အနိမ့်ဆုံးဈေး (MEP)ကိုတစ်တန်ကန်ဒေါ်လာ ၄၇၅ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ယခုနှစ်စက်တင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ ကြက်သွန် တင်ပို့မှုပိတ်ထားစဉ် စင်ကာပူကုန်သည် တော်တော်များများဟာ အိန္ဒိယကြက်သွန်နီအစား တစ်လစာအတွက် တရုတ် တင်ပို့သူတွေနဲ့ စာချုပ်ခဲ့တယ်လို့ဆိုပါတယ်။ နိုင်ငံတကာဈေးကွက်မှာ တရုတ်နဲ့ ပါကစ္စတန်တို့က ကြက်သွန်နီတစ်တန် ကန်ဒေါ်လာ ၃၀၀ နဲ့ ၃၂၅ ဈေးအသီးသီးရောင်းချနေတဲ့အတွက် လက်ရှိ အိန္ဒိယ (MEP) ဈေးနှုန်းနဲ့ မယှဉ်နိုင်ဘူးလို့ဆိုပါတယ်။                ပုံမှန်အချိန်တွေမှာ အိန္ဒိယက လစဉ်တန်ချိန် ၇၀၀၀၀ ထိ တင်ပို့မှုရှိတယ်လို့ဆိုပါတယ်။ ယခုနှစ်အစောပိုင်းက ဒူဘိုင်းနိုင်ငံ ဟာ အိန္ဒိယကြက်သွန်နီတွေ အလျှံပယ်သုံးစွဲခဲ့ပေမဲ့ ယခုအခါ ပါကစ္စတန်နဲ့ အီရန်အပါအဝင် အခြား ၆ နိုင်ငံက ကြက်သွန်နီများ ရှာဖွေတော့မယ်လို့ AEA  ကဆိုပါတယ်။ စိုက်ပျိုးရေးသမအေဂျင်စီဖြစ်တဲ့ Nafed မှ ထုတ်ပြန်ပြောကြားချက်အရ ယခုနှစ် ပထမနှစ်ဝက်အတွင်း ကြက်သွန်နီတင်ပို့မှုဟာ ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် ထက်ဝက်ကျော် ပိုနေတယ်လို့ဆိုပါတယ်။                 ဧပြီလ ၁ ရက်နဲ့ စက်တင်ဘာလ ၂၆ ရက်အတွင်း ကြက်သွန်နီတန်ချိန် ၅ ဒသမ ၅၈ သိန်း တင်ပို့ပြီးသွားပြီလို့ဆိုပါတယ်။ အလားတူကာလ နှိုင်းယှဉ်မှုအနေနဲ့ ၂၀၀၉ ခုနှစ်မှာ တန်ချိန် ၁၁ ဒသမ ၂၁ သိန်း တင်ပို့ခဲ့ပြီ၊ ၂၀၁၀ ကာလတူမှာ တန်ချိန် ၉ ဒသမ ၃၄ သိန်းတင်ပို့ပြီးပြီလို့ဆိုပါတယ်။ အစိုးရက လက်လီဈေးကွက်မှာ ကြက်သွန်တစ်ကီလို ရူပီး ၂၅ (ကန်ဒေါ်လာ ၀ ဒသမ ၅၁) ထိ မြင့်တက်ခဲ့စဉ် စက်တင်ဘာလ ၉ ရက်နေ့မှာ ကြက်သွန်နီ တင်ပို့မှုပိတ်ခဲ့တာဖြစ်ပါတယ်။ ယမင်းခင်၊Source: ndtu.com