Main menu

Background

ဈေးနှုန်းများ ကျဆင်းနေမှုကြောင့် နိုင်ငံတကာရော်ဘာအသင်းအနေဖြင့် ရော်ဘာစိုက်ပျိုးသူများနှင့် တင်ပို့သူများအား ကုန်စည်များကို သိုလှောင်ထားရန်နှင့် လိုအပ်သောပမာဏသာ ရောင်းချရန် တိုက်တွန်းသွားမည်

Sun, 10/02/2011 - 09:35 -- Anonymous (not verified)

ဈေးနှုန်းများ ကျဆင်းနေမှုကြောင့် နိုင်ငံတကာရော်ဘာအသင်းအနေဖြင့် ရော်ဘာစိုက်ပျိုးသူများနှင့် တင်ပို့သူများအား ကုန်စည်များကို သိုလှောင်ထားရန်နှင့် လိုအပ်သောပမာဏသာ ရောင်းချရန် တိုက်တွန်းသွားမည်                        ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေချိန်မှာ ဥရောပကြွေးမြီ အကျပ်အတည်းပြဿနာအပေါ် စိုးရိမ်ပူပန်မှုပိုလာခြင်း ကြောင့် ကမ္ဘာ့စတော့ရှယ်ယာတန်ဖိုးများ ၊ ရေနံအပါအဝင် ကုန်စည်ဈေးနှုန်းများ ကျဆင်းသွားတာနဲ့ တစ်ပြိုင်နက် အာရှ ရော်ဘာ ဈေးနှုန်းတွေလည်း ယခင်တစ်ပတ် ဈေးနှုန်းအောက်ကို ကျဆင်းသွားတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့ကအထိ တစ်တန်ကို ၄၇၁၆ ဒေါ်လာရှိနေတဲ့ ထိုင်း RSS-5  က စက်တင်ဘာလ ၂၆ ရက်နေ့မှာ တစ်တန်ကို ၄၃၉၉ ဒသမ ၅၀ ဒေါ်လာအထိ တစ်ပတ်အတွင်း ၃၁၆ ဒသမ ၅၀ ဒေါ်လာဈေး ကျသွားတယ်။ ဒါ့အပြင် ကာလအတွင်း မလေးရှား SMR- 20 (Standard Malaysia Rubber -20) အမျိုးအစားမှာလည်း တစ်တန်ကို ၄၆၁၀ ဒသမ ၅၀ ဒေါ်လာမှ ၄၃၅၈ ဒသမ ၅၀ ဒေါ်လာအထိ ၂၅၂ ဒေါ်လာတန်ဖိုးကျဆင်းသွားတယ်။ ဂျပန်တိုကျိုကုန်စည်ရောင်းဝယ်ရေးမှာလည်း ဖေဖော်ဝါရီလ အရောက်ပို့စာချုပ်ဈေးနှုန်းက တစ်ကီလိုကို ၁၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းကာ ၃၀၂ ဒသမ ၅ ယန်း (တစ်တန်ကို ၃၉၆၆ ဒေါ်လာဝန်းကျင်) အထိ ကျဆင်းသွားပြီးနောက် တစ်ကီလိုကို ၃၀၃ ယန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ၂၀၁၀ ခုနှစ် ၊ စက်တင်ဘာလ ၁၇) ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်း ဖြစ်လာတယ်။                ဒီလိုဈေးနှုန်းတွေကျဆင်းနေမှုကြောင့် နိုင်ငံတကာရော်ဘာအသင်းအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရှိ ရော်ဘာ စိုက်ပျိုးသူတွေနဲ့ တင်ပို့သူတွေကို ကုန်စည်တွေကိုသိုလှောင်ထားဖို့နဲ့ လိုအပ်တဲ့ပမာဏသာ ရောင်းချဖို့ တိုက်တွန်း သွားမယ်လို့ အတွင်းရေးမှူးချုပ် Yium Tavanolit  က ပြောကြားတယ်။ တရုတ်နိုင်ငံရှိ အထင်ကရ ရော်ဘာ ဂိုဒေါင် ၁၀ လုံးကို လေ့လာချက်အရ ရော်ဘာသိုလှောင်ထားရှိမှုမှာ တန်ချိန် ၃၀၅ တန် တိုးလာပြီး ၃၃၇၆၆ တန်အထိ မြင့်မားလာရာ မတ်လနောက်ပိုင်း အမြင့်ဆုံးသိုလှောင်ထားမှုပမာဏဖြစ်လာတယ်လို့ စက်တင်ဘာလ ၂၃ ရက်နေ့ က ထုတ်ဝေခဲ့တဲ့ ရှန်ဟိုင်းကြိုပွိုင့်ရောင်းဝယ်ရေး ရဲ့ အပတ်စဉ်အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ဒီလိုတရုတ်နိုင်ငံရဲ့ ရော်ဘာသိုလှောင်ထားရှိမှု မြင့်မားလာခြင်းကလည်း ရော်ဘာဈေးနှုန်းကို ဖိအားဖြစ်စေခြင်း အကြောင်းရင်း တစ်ရပ်ပဲဖြစ်တယ်။ ပပ၊Source:Bloomberg.com, rubberboard.org.in