ထိုင်းနိုင်ငံ ပြည်နယ်များရဲ့ နယ်စပ် ၂၄ ခုမှ စပါး ၅ တန်ထက်ပိုပြီး ဖြတ်ကျော်သယ်ဆောင်မှုကို ပိတ်ပင်

           အစိုးရရဲ့ ဆန်အပေါင်ခံ အစီအစဉ်မှာမသမာမှုမဖြစ်ပေါ်စေရေးအတွက် ပြည်နယ်များရဲ့နယ်စပ်၂၄ ခုမှ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်မပါဘဲ စပါး ၅ တန်ထက်ပိုပြီး သယ်ယူပို့ဆောင်မှု ပိတ်ပင်ခြင်းကို စက်တင်ဘာ ၂၉ ရက်မှာ ထိုင်းစီးပွားကူးသန်း ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ဒုတိယဝန်ကြီးချုပ်နဲ့ စီးပွားကူးသန်းဝန်ကြီး Kittira Na Ranong ဦးဆောင်တဲ့ အစိုးရရဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုဈေးနှုန်းဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေး အပြီးမှာ စီးပွားကူးသန်းအတွင်းဝန် Yanyong Puangrach က အဲဒီမူဝါဒကို ကြေညာခဲ့တာဖြစ်ပါတယ်။               အောက်တိုဘာ ၁ ရက်ကစပြီး ထိုင်းနဲ့အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်စပ်နေတဲ့ ပြည်နယ်များရဲ့ နယ်စပ် ၂၄ မျက်နှာမှာ စပါး ၅ တန် အထက် သယ်ယူမှုကို အဲဒီအစည်းအဝေးကကန့်သတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ကော်မတီ အထွေ ထွေအတွင်း ရေးမှူး သို့မဟုတ် ပြည်တွင်းကုန်သွယ်မှုဌာန ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် ၎င်းင်းတို့ အာဏာအပ်နှင်းထားတဲ့ အေဂျင်စီများရဲ့ ခွင့်ပြုထောက်ခံချက်မပါဘဲ သတ်မှတ်ထားတဲ့ ပမာဏထက် ပိုမိုကျော်လွန်တဲ့ စပါးသယ်ယူမှုကို ပိတ်ပင်ခဲ့တာဖြစ်ပြီး၊ ပြည်တွင်း ဆန်ကုန်သွယ်မှု စနစ်ကိုပျက်စီးစေပြီး နိုင်ငံတော်ကို ကုန်ကျ စရိတ်ကြီးမားစေမယ့် ပြဿနာမဖြစ်ပေါ်ဖို့ အဲဒီလို ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ Yanyoung  က ဆိုပါတယ်။               အကယ်လို့ ခွင့်ပြုချက်မပါဘဲ သယ်ယူပါက ထောင် ၅ နှစ်နဲ့အထက်ကျခံရမှာဖြစ်ပါတယ်။ ဒဏ်ကြေး ဘတ် တစ်သိန်း (ကန်ဒေါ်လာ ၃၂၀၈)ပေးဆောင်ရမှာဖြစ်ပြီး၊ ခွင့်ပြုဖော်ပြထားတဲ့ ပမာဏနဲ့ ကိုက်ညီမှုမရှိဘဲ သယ်ယူမှု ရှိပါကလည်း ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ကြေး ဘတ် ၆၀၀၀ (ကန်ဒေါ်လာ ၁၉၂)ပေးဆောင်ရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတစ်ဝန်းရှိ ဆန်ကုန်သည်များနဲ့ ဆန်စက်ပိုင်ရှင်များဟာ စပါး ၁၅ တန်ထက် ကျော်လွန်သိုလှောင် ထားပါက စီးပွားကူးသန်းဝန်ကြီးဌာနကို လစဉ်အစီရင်ခံစာတင်ပြရမယ်လို့ဆိုပါတယ်။ အကယ်လို့ တင်ပြခြင်းမရှိ ပါက ထောင်ဒဏ် တစ်နှစ်နဲ့ ဒဏ်ငွေ ဘတ် ၂၀၀၀၀ (ကန်ဒေါ်လာ ၆၄၂)ပေးဆောင်ရမယ်လို့လည်း ဆိုပါတယ်။             စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ အစိုးရရဲ့ အပေါင်ခံအစီအစဉ်မှာ ပူးပေါင်းပါဝင်မယ့် ထိုင်းဆန်စက် လုပ်ငန်းရှင်များ အသင်းနဲ့ အစည်းအဝေးပြုလုပ်ပြီး ယခုလအစပိုင်းမှာ အကောင်အထည်ဖော်မယ့် မူဝါဒကို နားလည်သိရှိဖို့နဲ့ ပြင်ဆင်ဖို့ ဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။ စပါးအပေါင်ခံ အစီအစဉ်ကို အောက်တိုဘာ လ ၇ ရက်နေ့မှာ စတင်တော့မှာဖြစ်ပြီး၊ လက်ရှိအချိန်ထိ ထိုင်းစပါးစိုက်ပျိုးသူများရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ လယ်သ မား ၂ သန်းမှ ၄ သန်းအတွင်းဟာ အစီအစဉ်မှာ ပါဝင်ဖို့ မှတ်ပုံတင်ထားပြီးဖြစ်ပါတယ်။ လဝန်း၊Source: ph.news.yahoo.com