ယခုနှစ် ရော်ဘာထုတ်လုပ်နိုင်မှုဟာတရုတ်၊ အင်ဒိုနီးရှားနဲ့မလေးရှားတို့က အထွက်နှုန်းတက်တာကြောင့် ယခင် ခန့်မှန်းချက်ထက် ပိုမိုထုတ်လုပ်နိုင်ကြောင်း ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း(ANRPC)ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ANRPC အဖွဲ့ဝင်နိုင်ငံများက ကမ္ဘာ့ရောင်းလိုအားရဲ့ ၉၂ ရာခိုင်နှုန်းကို ထုတ်လုပ်ပြီး ၅ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ကာ တန်ချိန် ၁၀ သန်း ပိုမိုထုတ်လုပ်နိုင်မယ်လို့ လစဉ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကနဦး ခန့်မှန်းချက်အရ ထုတ်လုပ်မှု ၅ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၉ ဒသမ ၉၆ သန်းကို ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။ ရောင်းလိုအား တိုးတက်နိုင်ပေမဲ့ သဘာဝရော်ဘာရဲ့ အခြေအနေ တည်ငြိမ်မှုမရှိနိုင်သေးကြောင်း ကွာလာလမ်ပူအခြေစိုက် ရော်ဘာအသင်းရဲ့ စီးပွားရေးပညာရှင်ကပြောကြားခဲ့ပါတယ်။ ရော်ဘာရဲ့ အလားအလာက ယခုနှစ်မှာ အမေရိကန်စီးပွားရေး ကျဆင်းခြင်းနဲ့ ဥရောပကြွေးမြီအကြပ်အတည်းကြောင့် တာယာနဲ့လက်အိတ် ထုတ်လုပ်ရေးအတွက် ဝယ်လိုအားကျဆင်းပြီး ၂၇ ရာခိုင်နှုန်းခန့်ဆုံးရှုံးဖွယ်ရှိ ကြောင်း ၎င်းင်းကခန့်မှန်း ပြောကြားခဲ့ပါတယ်။ ရော်ဘာဈေးကွက်က ရေတိုမှာ ဆက်လက်ပြီး အပြောင်းအလဲမြန်နေဦးမှာဖြစ်ကာ ရောင်းလိုအားနဲ့ ဝယ်လိုအားအခြေနေက ဈေးနှုန်းကိုချုပ်ကိုင်သွားမှာဖြစ်ကြောင်း ၎င်းစီးပွားရေး ပညာရှင်က ပြောကြားခဲ့ပါတယ်။ တတိယ (၃) လပတ်မှာ အထွက်နှုန်း ၃ ဒသမ ၃ ရာခိုင်နှုန်းကနေ ၆ ဒသမ ၁ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း သိရပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ မလေးရှားတို့ရဲ့ သုံးစွဲမှုက ကမ္ဘာ့ဝယ်လိုအားရဲ့ ၄၅ ရာခိုင်နှုန်းရှိပြီး တတိယ (၃) လပတ်မှာ ၂ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ပထမနဲ့ ဒုတိယ (၃) လပတ်တွေမှာ ၁ ရာခိုင်နှုန်းနဲ့ ၄ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သတင်းရရှိပါတယ်။ Source: Bloomberg .com,KZW
Background