Main menu

Background

ကိုရီးယားအကူအညီနဲ့ ဖိလစ်ပိုင်တစ်သျှူးငှက်ပျောများ ကျုံပျော်မြို့နယ်မှာ စမ်းသပ်စိုက်ပျိုး

Mon, 11/21/2011 - 08:04 -- Anonymous (not verified)

                    ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်  လှည်းဆိပ်ကျေးရွာမှာ ကိုရီးယားနိုင်ငံ Nadeul Logis Co  မှ ဒုတိယဥက္ကဋ္ဌMr. Goung Woo Jooung  နဲ့အဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ၎င်းတို့ စိုက်ပျိုးလျက်ရှိတဲ့ ကိုရီးယားနဲ့ အမေရိကန်နိုင်ငံ များသို့ တင်ပို့ရောင်းချနေတဲ့ ငှက်ပျောမျိုးများကို Tissue Culture  ဖြင့် ဖိလစ်ပိုင်မှ မျိုးယူပြီး ၁၂ ဧက အပင် ၁၂၀၀၀ ခန့် စမ်းသပ်စိုက်ပျိုးလျက်ရှိ ရာ အောင်မြင်လျက်ရှိကြောင်း သိရပါတယ်။                     ကိုရီးယားလူမျိုး Mr. Jooung နဲ့အဖွဲ့ဟာ တစ်သျှူးငှက်ပျောများ မစိုက်ပျိုးမီ လှည်းဆိပ်ကျေး ရွာသို့ ၁၀ ကြိမ်လောက်လာရောက်ခဲ့ပြီး ငှက်ပျော စိုက်မြေကို စမ်းသပ်ခြင်း၊ ၁၀ နှစ်စာ မိုးရေချိန် လက်မများကို မှတ်သားခြင်း၊ ရေမျက်နှာပြင် အနိမ့် အမြင့်များကို ကြည့်ရှုစစ်ဆေးခြင်းများကို စမ်းသပ် စစ်ဆေးခဲ့ရာ ဖိလစ်ပိုင်တစ်သျှူးငှက်ပျော ကြိုက် နှစ်သက်တဲ့အနေအထားရှိကြောင်း သိရပါတယ်။ ဒါကြောင့် ယင်းတစ်သျှူးငှက်ပျော ပျိုးပင်များကို ၂၀၁၁ ခုနှစ် မေလမှာ ဖိလစ်ပိုင်မှ လေယာဉ်ဖြင့် သယ်ဆောင်လာပြီး လှည်းဆိပ်ကျေးရွာတွင် ၎င်းတို့နည်းပညာဖြင့် ပြုလုပ်ထားတဲ့ green house  များမှာ နှစ်လခန့် မွေးမြူထားရှိကာ ဇူလိုင်လထဲ တွင် မြေပြင်သို့ ပြောင်းလဲစိုက်ပျိုးခဲ့ပါတယ်။ ယခု လက်ရှိပင်ရပ် ၄ ပေ ခန့်ရှိနေပြီလို့ သိရပါတယ်။ ဒီဇင်ဘာလ၊ ဇန်နဝါရီလများမှာ ငှက်ပျောဖူးများ ထွက်ရှိပြီး မတ်လ၊ ဧပြီလများမှာ ငှက်ပျောခိုင်များ စတင်ခုတ်နိုင်ပြီလို့ ခန့်မှန်းထားပါတယ်။ အပင်ဖြစ် ထွန်းအောင်မြင်မှု အလွန်ကောင်းကြောင်း၊ သတ်မှတ်စံချိန်စံညွှန်းမီကြောင်း ၎င်းကိုရီးယားအဖွဲ့က ဆိုပါတယ်။                    ငှက်ပျောပင်အနေအထားမှာ ရွှေငှက်ပျောပင် အရောင်နဲ့တူပြီး ငှက်ပျောသီးပုံစံမှာ ခွံဝါကဲ့ သို့ဖြစ်ပါတယ်။ အနံ့အရသာမှာလည်း မြန်မာခွံဝါ ငှက်ပျောလောက် မပြင်းကြောင်း သိရပါတယ်။ ယခုစမ်းသပ်စိုက်ပျိုးရာ အောင်မြင်မှုရှိတဲ့အတွက် တိုးချဲ့စိုက်ပျိုးပြီး၊ ပြည်ပသို့တင်ပို့ရန် အစီအစဉ်ရှိကြောင်းသိရပါတယ်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၈ ရက်က Mr, Jooung နဲ့ ဒေသငှက်ပျော စိုက်အဖွဲ့ဟာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ထံ သွားရောက်တွေ့ဆုံပြီး၊ စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချရေးကိစ္စများကို ဆွေးနွေးခဲ့တယ်လို့ သိရ ပါတယ်။                       ငှက်ပျောပင်တစ်ပင်အနေနဲ့ တစ်ခိုင် ၁၀ ဖီး ခန့်ထွက်ရှိမှာဖြစ်ပြီး ကီလို ၄၀ ခန့်ရှိမယ်လို့ခန့်မှန်း ပါတယ်။ ၎င်းင်းတို့ဝယ်ယူမှုပုံစံမှာ One Box  (၁၃ ကီလို) ကို စက်ရုံအရောက် ၁ ဒသမ ၅ ဒေါ်လာ ဖြင့် ငှက်ပျောတစ်ပင် ၄ ဒေါ်လာခန့် ရရှိမယ်လို့ ခန့်မှန်းပါတယ်။ တစ်ဧက အပင် ၁၀၀၀ ကို ဒေါ်လာ ၄၀၀၀ ခန့်ရမှာဖြစ်လို့ တစ်ဧက ကျပ် သိန်း ၃၀ရမည်ဖြစ်ရာ ငှက်ပျောတောင်သူ တစ်ဧက ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ် ကျပ် ၁၀ သိန်း ကိုနုတ်ပါက အကျိုးအမြတ် ၁၅ သိန်း-၂၀ သိန်း ခန့်ရရှိမယ်လို့ စမ်းသပ်စိုက်ပျိုးတဲ့တောင်သူများက ပြောပါတယ်။                        ယင်းငှက်ပျောမှ ၂ နှစ်ကို ၃ သီးစိုက်ပျိုးရ ရှိနိုင်ကြောင်းသိရပါတယ်။ ငှက်ပျော ပြည်ပတင် ပို့ခြင်းလုပ်ငန်းအား ကိုရီးယားကုမ္ပဏီ လေးခုမှ ပူးပေါင်းလုပ်ကိုင်မှာဖြစ်ပြီး စိုက်ဧက ၇၅၀ အတွက် စိုက်ခင်းအနီးမှာ ငှက်ပျောခိုင်များ ချိန်တွယ်ခြင်း၊ ရေဆေးခြင်း၊ ၁၃ ကီလို (One Box) ပါကင်ထုတ်ခြင်းလုပ်ငန်းများအတွက် စက်ရုံတစ်ရုံ ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၅ သိန်းဖြင့် တည်ဆောက်ပေးမယ်လို့သိရပါတယ်။                            ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် ပုံမှန်ငှက်ပျောစိုက်ဧက တစ်သောင်းခွဲရှိပြီး၊ ဧရာ ဝတီတိုင်းဒေသကြီးတစ်ခုလုံး ပုံမှန်ငှက်ပျောစိုက်ဧက ခြောက်သောင်းကျော်ရှိရာ ပြည်တွင်းစား သုံးမှု၊ သုံးစွဲမှုများအတွက် အခြားမြို့နယ်များမှ ချန်လှပ်ပြီး တစ်သျှူးငှက်ပျောနဲ့ ရေမြေသင့်တင့် သော ကျုံပျော်မြို့နယ်တွင် ငှက်ပျောဧက နှစ် သောင်းခန့် စိုက်ပျိုးနိုင်လို့ ပြည်ပတင်ပို့မယ်ဆိုပါက တစ်နှစ်နိုင်ငံခြားငွေ ကန်ဒေါ်လာ သန်း ၉၀ ခန့် ရရှိမှာဖြစ်လို့ ဒေသခံများ အလုပ်အကိုင်အခွင့် အလမ်းပိုမိုရရှိကာ ဆင်းရဲမှုလျှော့ချရေးကိုလည်း ဆောင်ရွက်နိုင်မှာဖြစ်လို့ ယင်းတစ်သျှူးငှက်ပျော စိုက်ပျိုးခြင်းကို ဝိုင်းဝန်းကူညီခြင်းဖြင့် ဧရာဝတီ တိုင်းဒေသကြီးလည်း ဖွံ့ဖြိုးလာမှာဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။ စိုးဦး-ကျုံပျော်