ဆန်အပေါင်ခံစနစ် ကျင့်သုံးသဖြင့် ဆန်စက်လုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလျက်ရှိ

               အောက်တိုဘာလက စက်မှုလုပ်ငန်းများဌာနက ထိုင်းတစ်နိုင်ငံလုံးမှာ ဖွင့်လှစ်မဲ့ စက်ရုံအသစ် ၂၅၀ ကျော်အတွက် လိုင်စင်များထုတ်ပေးခဲ့ကြောင်းနဲ့ ရင်းနှီးမြှုပ်နှံငွေ စုစုပေါင်း ဘတ်သန်း ၁၂၅၃၃၃ ရှိပြီး ယခင်နှစ်နဲ့ နှိုင်းယှဉ်လျှင် အနည်းငယ် လျော့နည်းခဲ့တယ်လို့ ထိုင်းနိုင်ငံထုတ်သတင်းစာများမှာ ဖော်ပြထားပါတယ်။            စက်မှုလုပ်ငန်းများတည်ရှိရာ နေရာ ၇ နေရာမှာ ရေလွှမ်းမိုးခံနေရသော်လည်း အများဆုံး ရင်းနှီးမြှုပ်နှံသောလုပ်ငန်းများ မှာ ဆန်ကြိတ်ဖွပ်စက်ရုံများဖြစ်ကြပါတယ်။ အကြောင်းကတော့ ဆန် ၁ တန်ကို ဘတ် ၁၅၀၀၀ နဲ့ အစိုးရရဲ့ အပေါင်ခံတဲ့ စနစ်ကြောင့်ဖြစ်ပါတယ်။ ဆန်ကြိတ်ဖွပ်စက်ရုံများအတွက် အများဆုံး ရင်းနှီးမြှုပ်နှံကြတဲ့ ခရိုင်များကတော့ ကမ်ဖန့်ဖေ့ခရိုင်၊ ဖရန်ခွန်းစီးအယွတ်ထယားခရိုင် ၊ ဖေ့ဘူရီခရိုင်နဲ့ ဟန်ဟွန်ဆုံ ခရိုင်တို့ဖြစ်ကြပါတယ်။ ဆန်စက်များအတွက် ကုမ္ပဏီများရဲ့ ရင်းနှီးမြှုပ်နှံငွေပမာဏဟာ ဘတ်သန်း ၃၀ ကျော်မှ ၁၁၀၀ နီးပါးခန့်ထိရှိကြပြီး တစ်နေ့ ကို ဆန်တန်ချိန် ၂၅၀ မှ ၈၂၀ ထိ ကြိတ်နိုင်အားရှိကြတယ်လို့ သတင်းများမှာ ဖော်ပြထားပါတယ်။ ရင်းနှီးမြှုပ်နှံကြတဲ့ အခြားလုပ်ငန်းများကတော့ အိမ်ဆောက်ပစ္စည်းများ၊ ကွန်ကရိနဲ့ ဂျစ်ပဆမ်တို့နဲ့ အသင့်ထုတ်လုပ် ထားတဲ့ အိမ်ဆောက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ ဖြစ်ကြပါတယ်။ အများဆုံးရင်းနှီး မြှုပ်နှံတဲ့ခရိုင် တွေကတော့ ရယောင်းခရိုင်၊ ဆုရင်ခရိုင်၊ ကမ်ဖန်းဖေးခရိုင်၊ နောင်ခိုင်းခရိုင်နဲ့ ပထုံထာနီခရိုင် တို့ဖြစ်ကြပြီး ရင်းနှီးမြှုပ်နှံငွေ ပမာဏတွေ ကတော့ အနည်းဆုံးဘတ်သန်း ၉၆၅ မှ အများဆုံး ၁၈၃၅ထိရှိပြီး အသုံးပြုမဲ့ အလုပ်သမားဦးရေကတော့ အနည်းဆုံး ၄၀ မှ ၅၀၀ ကျော်ထိရှိတယ်လို့ သိရပါတယ်။  Source:တိုင်းရတ်သတင်းစာ၊ ကျော်ဆန်းထွန်း