အိန္ဒိယအစိုးရမှ ကြက်သွန်နီအနိမ့်ဆုံးတင်ပို့ဈေးနှုန်း MEP ကို တစ်တန်ကန်ဒေါ်လာ ၁၂၅ လျှော့ပြီး ကန်ဒေါ်လာ ၃၅၀ကို သတ် မှတ်ပြီးတဲ့နောက် ပြည်တွင်းဈေးနှုန်းကျဆင်းနေတဲ့အတွက် အနိမ့်ဆုံး တင်ပို့ဈေးနှုန်းကို ထပ်မံ လျှော့ချဖို့ စီစဉ် နေတယ်လို့ စိုက်ပျိုးရေး ဝန်ကြီး ရှရတ်ပါဝါမှ ပြောကြားပါတယ်။ နောက် ၃-၄ ရက်အတွင်း ပြည်တွင်းဈေးကွက်တွေမှာ ဖြစ်ပေါ်နေတဲ့ ကြက်သွန်နီဈေးနှုန်း သတင်းများကို စုဆောင်းဖို့ အစိုးရအရာရှိများကို ညွှန်ကြား ထား ကြောင်းလည်း ပြောကြားပါတယ်။ ရရှိတဲ့သတင်းအချက်အလက်များပေါ် အခြေခံပြီး ကြက်သွန်နီ တင်ပို့ဈေးနှုန်းကို ထပ်မံလျှော့ချဖို့ ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။ အိန္ဒိယအစိုးရဟာ ပြည်ပတင်ပို့မှုကို အားပေးတဲ့အနေနဲ့ နိုဝင်ဘာ ၁၉ ရက်မှာ အနိမ့်ဆုံးတင်ပို့ဈေးနှုန်းကို လျှော့ချခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာ ပြည်တွင်းဈေးကျဆင်းနေတဲ့အတွက် တောင်သူတွေကို အကာအကွယ်ပေးဖို့ ကြက်သွန်နီတင်ပို့မှု ပိတ်ထားခြင်းကို ပြန်လည်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ယခင်နှစ်ဒီဇင်ဘာလအတွင်းမှာ ကြက်သွန်နီလက်လီဈေး တစ်ကီလို ရူပီး ၇၀-၈၀(ကန်ဒေါ်လာ ၁ ဒသမ ၃၃ -၁ ဒသမ ၅၂ )ထိ မြင့်တက်နေခြင်းကို ထိန်းချုပ်ဖို့အတွက် ကြက်သွန်နီ တင်ပို့မှု အနိမ့်ဆုံးဈေးကို တစ်တန်ကန်ဒေါ်လာ ၆၀၀ နဲ့ဈေးအမြင့်မှာ သတ်မှတ်ခဲ့ပါတယ်။ အစိုးရဟာ တစ်ကီလို ၈၀-၈၅ ရူပီး (ကန်ဒေါ်လာ ၁ ဒသမ ၅၂ - ၁ ဒသမ ၆၂) ထိ မြင့်တက်ပြီးတဲ့နောက် အစိုးရဟာ ကြက်သွန်နီတင်ပို့မှုကိုပိတ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ အထိ ကြက်သွန်နီတင်ပို့မှုဟာ တန်ချိန် ၄ ဒသမ ၅၂ သိန်းသာရှိလို့ ယခင်နှစ်ကာလတူ တင်ပို့ခဲ့တဲ့တန်ချိန် ၆ ဒသမ ၈၃ သိန်းထက် ၃၄ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အဓိကတင်ပို့မှုမှာ အနောက်အာရှ၊ စင်ကာပူနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဖြစ်ပါတယ်။ ယမင်းခင်၊Source: PTI
Background