Main menu

Background

စားအုန်းဆီပြည်ပမှတင်သွင်းရာတွင် နိုင်ငံတကာလုပ်ထုံးလုပ်နည်းနှင့်အညီ စာချုပ် ချုပ်ဆို ဝယ်ယူနိုင်ရေးနဲ့ တင်သွင်းသည့်စားအုန်းဆီများ

Tue, 11/29/2011 - 10:13 -- Anonymous (not verified)

အရည်အသွေးနဲ့ အရေအတွက်များ မှန်မှန်ကန်ကန်ဖြစ်ပေါ်စေရေး အသင်းနှင့် တာဝန်ရှိသူများ ဝိုင်းဝန်းဆွေးနွေး                စားအုန်းဆီတင်သွင်းမှုနဲ့ ပတ်သက်လို့ ယခင်က ကုမ္ပဏီတစ်ခုတည်းကသာ တင်သွင်းစေခဲ့ရာမှ လက်ရှိအစိုးရလက်ထက်မှာ ပို့ကုန် ဝင်ငွေရှိတဲ့ မည်သည့်ကုမ္ပဏီမဆို တင်သွင်းခွင့်ပြုခဲ့ရာဆီတင်သွင်းတဲ့ လုပ်ငန်းရှင်များအနေနဲ့ စာချုပ်ချုပ်ဆိုမှု၊ တင်သွင်းမှုနဲ့ သိုလှောင်မှု ဆိုင်ရာကိစ္စရပ်များကို ပိုမိုသိရှိလိုက်နာဆောင်ရွက်ခြင်းဖြင့် မှားယွင်းမှု တစ်စုံတစ်ရာကြောင့် လုပ်ငန်းရှင်များဆုံးရှုံးမှု မဖြစ်ပေါ်စေဖို့နဲ့ တင်သွင်း ဖြန့်ဖြူးရာမှာ ကုန်ကျစရိတ်အနည်းဆုံးနဲ့ အရည်အသွေး၊ အရေအတွက် မှန်ကန်စွာဆောင်ရွက်နိုင်ဖို့အတွက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးက ကြီးမှူးကျင်းပတဲ့ စာချုပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်၊ FDA မှ တာဝန်ရှိသူ၊ ကုန်ပစ္စည်းစစ်ဆေးတဲ့ MITS မှ တာဝန်ရှိသူတို့မှ ဆွေးနွေးဟောပြောမှုနဲ့ တင်သွင်းသူ ကုမ္ပဏီများရဲ့ ပြန်လည်ဆွေးနွေးပွဲကို ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရန်ကုန် တိုင်းဒေသကြီးရုံးမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဆွေးနွေးပွဲမှာ အဓိကထားဆွေးနွေးမှုတွေကို ကောမတ်စ်က ဖော်ပြလိုက်ပါတယ်။   ဦးကျော်ထူး (ဦးဆောင်ညွှန်ကြားရေးမှုး  မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး)                     စားအုန်းဆီတင်သွင်းဖို့ စာချုပ်ချုပ်ဆိုရာမှာ အားနည်းချက်တွေ ရှိတဲ့အတွက် ပမာဏလျော့နည်းကာ အရည်အသွေးမမှန်တာတွေ ရှိပြီးတင်သွင်းလာသူ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် စာချုပ်ချုပ်ဆိုတဲ့အခါ ရောင်းချသူနဲ့ ဝယ်သူအကြား သမမျှတတဲ့ စာချုပ် ဖြစ်ပြီး အဓိကစားသုံးသူများလည်း နစ်နာမှုမရှိအောင် စာချုပ် ချုပ်ဆိုသွားဖို့ လိုအပ်လာပါတယ်။ နောက်တစ်ခုကတော့ လက်ရှိ အနေအထားမှာWeight  လျော့ကျမှု ဖြစ်ရပြီး ကြန့်ကြာကြေး (Demarrage) တွေ မလိုအပ်ဘဲ ပေးဆောင်နေရတဲ့အတွက် စရိတ် စက ပိုမိုကြီးမြင့်မှု ဖြစ်ပေါ်စေပါတယ်။ အခုဆိုရင်လည်း နိုဝင်ဘာလ ထဲမှာဝင်ဖို့ ပင်လယ်ဝမှာ သင်္ဘော ၈ စီးလောက်ရှိနေပြီး ဒီဇင်ဘာလ မှာလည်း ၁၂ စီးဝင်ဖို့ ရှိနေပါတယ်။ ဆီကန်တွေမှာ သတ်မှတ်ရက်အတွင်း ထုတ်ယူခြင်းမရှိတဲ့ အတွက် ပင်လယ်ဝမှာ သင်္ဘောတွေထပ်နေပြီး ဝင်မရချမရ ဖြစ်ရတာပါ။ ဆီကန်ထဲကနေ ဆီထုတ်ယူဖို့ နေပြည်တော်မှာ ပြီးခဲ့တဲ့လက စားအုန်းဆီကိစ္စဆွေးနွေးစဉ်က တင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ မြန်မာ နိုင်ငံဆီလုပ်ငန်းရှင်များနဲ့ ဆီကုန်သည်များအသင်းတို့ အချင်းချင်း ကိုယ်တိုင်ညှိနှိုင်းသဘောတူထားခဲ့တဲ့ ဆီထုတ်ယူမှု သတ်မှတ်ရက် တွေကို လိုက်နာခြင်းမရှိဘဲ သတ်မှတ်ရက်ထက်ကျော်လွန်တဲ့တိုင် ထုတ်ယူခြင်းမရှိတာကြောင့် သင်္ဘောတွေ delay ဖြစ်ရတာပါ။ ဒါတွေက တင်သွင်းတဲ့ လုပ်ငန်းရှင်အချင်းချင်း ညှိနှိုင်းမှုမရှိတာ ကြောင့်လည်း ပါဝင်ပါတယ်။ ဆီလုပ်ငန်းကို ရေရှည်လုပ်မယ့် လုပ်ငန်းရှင်တွေအနေနဲ့ Inland Tank  တွေလို ဆီသိုလှောင်ကန်တွေ တည်ဆောက်ဖို့ အကြံပြုချင်ပါတယ်။ အခုဆိုရင် ဝင်လာတဲ့ ဆီတွေကို ဈေးကွက်ထဲဖြန့်ဝေတာကို ဆီကန်ကပဲ တိုက်ရိုက် လုပ်နေတဲ့အတွက် ပြည်တွင်းဆီကုန်သည် ဆီဖြန့်ဝေသူတွေအနေနဲ့ ဈေး ကွက်မှာ ဈေးကောင်းလို့ အရောင်းအဝယ်သွက်ရင် မြန်မြန်ထုတ်ပေမဲ့ ဈေးကွက်မှာ အရောင်းထိုင်းရင် ဆီကန်မှာပဲ လှောင်ထားတဲ့သဘော ရှိနေလို့ ဆီသင်္ဘောတွေ ဆိုက်မရဘဲ ဖြစ်နေရတာပါ။ အဲဒီတော့ ပင်လယ်ဝမှာ ဆီမသမာမှုတွေဖြစ်ပြီး ပမာဏလျော့ကျမှုတွေဖြစ်ရသလို သင်္ဘောကြန့်ကြာကြေးကလည်း တစ်ရက်ကို ဒေါ်လာ ၃၀၀၀ ပေးဆောင်နေရတာတွေရှိတဲ့အတွက် ကြာရင်ကြာသလို ကုန်ကျစရိတ်တက်ပြီး ဈေးကွက်မှာ ဖြန့်ဖြုူးနိုင်မယ့် ဈေးထက် ပိုရောင်းချတဲ့ သဘောဖြစ်နေပါတယ်။              စီးပွား/ကူးသန်းဝန်ကြီးဌာနအနေနဲ့ သင်္ဘောဝင်ရောက်မှုမထပ် ရအောင် လိုင်စင်နဲ့ ထိန်းလို့ရပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အစိုးရက လုပ်ငန်းရှင်တွေ အဆင်ပြေချောမွေ့စေဖို့ ဖြေလျှော့မှုတွေ လုပ်ပေး နေတဲ့အချိန်၊ စီးပွား/ကူးသန်းပြည်ထောင်စုဝန်ကြီးကလည်း လုပ်ငန်း ရှင်တွေအတွက် အစစကူညီဆောင်ရွက်ပေးနေတာဖြစ်လို့ လိုင်စင်နဲ့ သင်္ဘောအဝင်ကို ထိန်းခြင်းဖြင့် ကုန်သည်တွေအပေါ်မှာ ဝန်ထုပ်ဝန် ပိုးမဖြစ်စေဖို့ ကုမ္ပဏီတွေနဲ့ အသင်းတို့ ညှိနှိုင်းဆောင်ရွက်ပြီး ပြည် ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီက ထိန်းကျောင်း ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။                ဆီတင်သွင်းရာမှာလည်း လစဉ် သင်္ဘော ၁၂ စီးနဲ့ ၁၃ စီးကြား ရှိပြီး တန်ချိန် ၂၅၀၀၀-၃၀၀၀၀ ကြားရှိတဲ့အတွက် ဇန်နဝါရီ၊ ဖေဖော်ဝါရီ ၊ မတ်လအတွက် ယခုလို အခက်အခဲတွေ မဖြစ်ရ အောင်ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ ဆွေးနွေးရမှာ ဖြစ်ပါတယ်။                   ဇန်နဝါရီလမှာ သွင်းမယ့်ကုမ္ပဏီတွေ စုပြီး ပြည်တွင်းလိုအပ်ချက်ကို စဉ်းစားတွက်ချက်ကာ ဥပမာအနေနဲ့ တန်ချိန် ၃၀၀၀၀ သွင်းမယ် ဆိုရင် ကုမ္ပဏီ ၁၀ ခု စုစည်းပြီး အင်ဒိုနီးရှား၊ မလေးရှားတို့မှာ တင်ဒါခေါ်ပြီး ခိုင်မာတဲ့ စာချုပ်ချုပ်ဆိုမယ်၊ ဆိပ်ကမ်းဆိုက်ရောက် မယ့် ကာလကို ဆီထုတ်ယူမှုနဲ့ ချိန်ပြီး တင်သွင်းမယ်ဆိုရင် စောစော က တင်ပြခဲ့တဲ့ ပြဿနာတွေ လျော့နိုင်ပါတယ်။ ဒါပေမဲ့ ပြည်ပဈေး နှုန်း၊ ငွေလဲနှုန်းနဲ့ ပြည်တွင်းဈေးနှုန်း စတဲ့အချက်တွေကိုတော့ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါက နည်းလမ်းတစ်ခုပါ ဒီထက် ပိုကောင်းတဲ့ နည်းလမ်းတွေရှိရင်လည်း တင်သွင်းကုမ္ပဏီတွေနဲ့ အသင်းတို့ ဆွေးနွေးပြီး တင်ပြပေးစေချင်ပါတယ်။ နောက်တစ်ခုကတော့ စားအုန်းဆီမှာ ရောနှောပြီး ပဲဆီအဖြစ် ရောင်းချမှုတွေရှိတဲ့အပေါ် စားသုံးသူတွေ နစ်နာမှုမရှိရအောင် ထပ်ဆင့်ဖြန့်ဝေသူတွေကို အသိပညာပေးဖို့လည်း လိုမယ်ထင်ပါတယ်။ အဓိကပြောချင်တာကတော့ ရောင်းသူရော ဝယ်သူပါ အကျိုး အမြတ်မျှတပြီး စားသုံးသူတွေအနေနဲ့ ကျန်းမာရေးအတွက် ယုံကြည် စိတ်ချရပြီး ဈေးနှုန်းအသင့်အတင့်နဲ့ စားသုံးနိုင်ဖို့ အလေးထား ဆောင်ရွက်ပေးဖို့ ဆွေးနွေးလိုပါတယ်။ ဒါကြောင့်စာချုပ် ချုပ်ဆိုမှု အပိုင်း၊ အရေအတွက်ပိုင်းနဲ့ အရည် အသွေးပိုင်းမှာ မှန်မှန်ကန်ကန် ဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။   ဒေါက်တာ ကျော်လင်း (ညွှန်ကြားရေးမှုး FDA ကျန်းမာရေး ဦးစီးဌာန)                    ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနလက်အောက် မှာရှိတဲ့ FDA ဌာနအနေနဲ့ ပြည်သူလူထုကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ၊ မရှိ Quality  ကို စစ်ဆေးပေးခြင်းဖြစ်ပါတယ်။ စားအုန်းဆီအနေနဲ့ Physical ပိုင်းက အရောင်၊ အနံ့ပြောင်းလဲမှုရှိရင် စားသုံးဖို့ သင့်/ မသင့် စစ်ဆေးပေးသလို chemical ပါဝင်မှု၊ ပိုးမွှားပါဝင်မှုတွေအရ စားသုံးဖို့ သင့်/မသင့် စစ်ဆေးဆုံးဖြတ်ပေးပါတယ်။FDA အနေနဲ့ စားအုန်းဆီကို သင်္ဘောပေါ်မှာရော Show Tank မှာရောအပြင် Distribution  မှာ ရောင်းချတဲ့အထိ စားသုံးသူလက်ထဲမရောက်မီ မစားခင်အထိ စစ်ဆေးပေးပါတယ်။ စားအုန်းဆီမခဲအောင် ရောနှော ပြီး ပဲဆီအဖြစ်ရောင်းတဲ့ကိစ္စစတဲ့ ပြည်သူလူထုကို လိမ်ညာမှု မရှိအောင် အတတ်နိုင်ဆုံး စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါတယ်။   ဦးတင်မောင်ဝင်း ( အကြံပေးပုဂ္ဂိုလ် )စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန                         စားအုန်းဆီစာချုပ်ကို လေ့လာတဲ့အခါ မလေးရှား ပိုရမ် (PORAM ) Spec နဲ့ လန်ဒန် အခြေစိုက် Federation of Edible Oil & Fats Association ရဲ့ International Contract အရ ချုပ်ဆိုတာတွေ့ရပါတယ်။ ဒီစာချုပ်တွေက International Terms တွေဖြစ်လို့ တချို့အချက်တွေမှာ မြန်မာနိုင်ငံနဲ့ ကိုက်ညီမှုမရှိပါဘူး၊ ဒါ့အပြင် ရန်ကုန်ဆိပ်ကမ်းဟာ River Port သာဖြစ်ပြီး ပင်လယ်ဆိပ်ကမ်းတစ်ခုမဟုတ်ပါဘူး။ တခြားနိုင်ငံမှာဆိုရင် တိုက်ရိုက်ကုန်ချ နိုင်ပေမဲ့ ရန်ကုန်ဆိပ်ကမ်းမှာတော့ သင်္ဘောဟာ ပင်လယ်ဝကနေ ကုန်ချဖို့ ဆိပ်ကမ်းအာဏာပိုင်ကို အကြောင်းကြားရပြီး ရေကြောင်းပြ အရာရှိကို စေလွှတ်မှသာ ဝင်ရောက်ကုန်ချရပါတယ်။ လက်ရှိစာချုပ်အရ ကုန်ပစ္စည်းတင်သွင်းတဲ့အခါ  Demarrage/ Despatch (D/D rate) ဖြစ်တဲ့ ကြန့်ကြာကြေး/ အမြန်ကြေးနဲ့ ပတ်သက်လို့ Charter party  စာချုပ်အရ အမြန်ကြေး Despatch money ကို ကုန်ရောင်းသူက ပေးအပ်မည်မဟုတ်လို့ ဖော်ပြထားပြီး ရန်ကုန်ကုန်ချဆိပ်ကမ်းမှာ ကြန့်ကြာကြေးDemarrage charges  များ သင်္ဘောကို ပေးဆောင်ရဖို့ရှိရင် ကုန်ဝယ်သူက ပေးဆောင်ဖို့ဖော်ပြထားပါတယ်။ အခုဆိုရင် သင်္ဘောကြန့်ကြာမှုအတွက် ကုန်ဝယ်သူကပေးနေရတယ်လို့ ကြားသိရပါတယ်။ ဒီအပိုင်းမှာ အမြန် ကြေးမပေးခြင်း No Despatch  ဖြစ်တာမို့ Demarrage  ကြန့်ကြာကြေးကိုလည်း No Despatch အဖြစ် တောင်းဆိုကြည့်ရင် ဖြစ်နိုင်မဖြစ်နိုင် ဆွေးနွေးကြစေလိုပါတယ်။                       နောက် စားအုန်းဆီ RBD Palm Olein  ရဲ့ စံချိန်စံညွန်းမှာ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ အတွက် မြန်မာနိုင်ငံရဲ့ ထုတ်ကုန်သွင်းကုန်လုပ်ငန်းဆိုင်ရာ စည်း မျဉ်းနဲ့ လုပ်ထုံးလုပ်နည်းများ ၂၀၀၈ရဲ့ ညွှန်ကြားချက်အတိုင်း ယခု စာချုပ်မှာ ပြည့်စုံမှုမရှိဘဲ ယင်းစာချုပ်ရဲ့ စံချိန်စံညွန်းမှာ FFA , Moisture & Impurities , Iodine Value , Colour နဲ့ Melting Point သာ ပါဝင်တဲ့အတွက် မိမိတို့ နိုင်ငံက အလေးထားနေတဲ့Cloud Point ကို10 degree centigrade Max အစား 8 degree centigrade Max  အဖြစ်လည်းကောင်း၊ Iodine value  ကို ၅၆ အစား ၅၈ ြထေ အဖြစ်လည်း ပြင်ဆင်မယ်ဆိုရင် ပြင်ဆင် ပေးသွင်းစေဖို့ အကြံပြုချင်ပါတယ်။ Weight / Quality  ပိုင်းမှာလည်း ကုန်တင်ဆိပ်ကမ်းမှာ တင်ပို့ တဲ့ အလေးချိန်၊ အရည်အသွေးအတွက် သီးခြားလွတ်လပ်တဲ့ ကုန်ပစ္စည်း စစ်ဆေးသူက စစ်ဆေးပြီး အဲဒီစစ်ဆေးချက်ဟာ နောက်ဆုံး အဆင့်ဖြစ်ပြီး ကုန်ရောင်းသူရော ကုန်ဝယ်သူကပါ ဒီစစ်ဆေးချက် ကို လက်ခံဖို့ ဖော်ပြထားပါတယ်။ ရန်ကုန်ရောက်မှ အလေးချိန် လျော့ရင် Seller  နဲ့ မဆိုင်တော့ဘူးဖြစ်နေတယ်။ ဒါနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိအမှတ်ပြုတဲ့ စင်ကာပူကုမ္ပဏီလို ကုန်စည်စစ်ဆေး တဲ့ အဖွဲ့အစည်းရဲ့ သင်္ဘောမတင်မီ အလေးချိန်နဲ့ အရည်အသွေးစစ်ဆေးမှုကို တောင်းဆိုဖော်ပြဖို့ လိုပါတယ်။ အဓိကတော့ ကုန်ဝယ် သူက CIF စနစ်နဲ့ ဝယ်ယူတာဖြစ်လို့ ကုန်ရောင်းသူအနေနဲ့ ကုန်တင် ဆိပ်ကမ်းမှာ ကုန်ပစ္စည်း သင်္ဘောပေါ်ကို တင်ပို့ပြီးရင် Transfer Ownership  မှာ ကုန်ဝယ်သူကို ပိုင်ဆိုင်မှု လွှဲပြောင်းပြီဆိုပြီး Incoterm 2010 မှာဖော်ပြပါရှိထားပြီးဖြစ်လို့ ကုန်တင်ဆိပ်ကမ်း မှာသာWeight / Qualityဟာfinal ဖြစ်လို့ကုန်မတင်မီအလေးချိန်၊ အရည်အသွေးစစ်ဆေးမှုကိုပိုင်နိုင်စွာလုပ်ဆောင်ဖို့သာရှိပါတော့တယ်။ နောက်တစ်ခုကတော့ အာမခံကြေးပေးလျော်ဖို့ ကိစ္စဖြစ်ပေါ် လာရင်လည်း စင်ကာပူနိုင်ငံမှာသာ ပေးလျော်ထုတ်ပေးပါမည်ဆိုပြီး စာချုပ်ပါဝင်တဲ့အချက်ကို မြန်မာနိုင်ငံရန်ကုန်မြို့မှာ ပေးလျော်ဖို့ ပြင်ဆင်ဆောင်ရွက်ပါက ပိုမိုအဆင်ပြေမယ်လို့ အကြံပြုပါတယ်။   ဦးဝင်းဆွေ (အုပ်ချုပ်မှု ဒါရိုက်တာ MITS)                  မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (Myanmar Inspection & Testing Services Ltd ) အနေနဲ့ မြန်မာ့ပို့ကုန်စစ်ဆေးတဲ့အခါ ဝယ်သူနှစ်ခြိုက်မှုရရှိစေဖို့နဲ့ ဈေးကွက် ကျယ်ကျယ်ပြန့်ပြန့် ရရှိစေဖို့ ဖြစ်ပြီး သွင်းကုန်စစ်ဆေးတဲ့နေရာမှာ စာချုပ်ပါအတိုင်း ပြည့်ပြည့်၀၀မှန်မှန်ကန်ကန် ရရှိစေဖို့အပြင် ပျက်စီး ပျောက်ဆုံးလျော့နည်းခြင်းများအတွက် မိမိဘက်က အားနည်းမှု မရှိရအောင် စစ်ဆေးပေးပါတယ်။ နိုင်ငံတော်ရဲ့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းအရ ရောင်းသူနဲ့ ဝယ်သူများ သတ်မှတ်ထားတဲ့ သတ် မှတ်ချက်တွေအရဆောင်ရွက်တာဖြစ်ပါတယ်။ စားအုန်းဆီကို စာချုပ် ပါအတိုင်း အရည်အသွေးနဲ့ ပမာဏကို စစ်ဆေးတဲ့အခါ MITS အနေနဲ့ဆီရောက်လာရင် သင်္ဘောမှာပါလာတဲ့ အထောက်အထားများလက်ခံပြီး FDA ကိုပို့တဲ့အခါ လိုအပ်တဲ့စာရွက်စာတမ်း နဲ့တကွ ကြိုတင်သန့်ရှင်းထားတဲ့ ဘူးများနဲ့ နမူနာထည့်ပြီး အရည် အသွေးပိုင်းစစ်ဆေးဖို့ပို့ရပါတယ်။ နောက် ဆီကန်မှာလည်း သန့်ရှင်း ရေးလုပ်ထားတဲ့ အခြေအနေကိုစစ်ဆေးပြီး Dry Certificate  ဆောင်ရွက်ပေးပါတယ်။ သင်္ဘောပေါ်က ဆီပမာဏကို စစ်ဆေးတဲ့ အခါ Ship ပေါ်မှာပါတဲ့ Tank တွေရဲ့ ချိတ်ပိတ်အနေအထား ပျက်စီးခြင်းရှိ/မရှိ၊ အပူချိန်တိုင်းတာစစ်ဆေးပြီး သင်္ဘောဆီကန် တစ်ကန်ချင်းရဲ့ အပေါ်လွှာ၊ အလယ်လွှာနဲ့ အောက်လွှာစတဲ့ အလွှာ စုံယူပြီး တိုင်းတာစစ်ဆေးခြင်းပြုလုပ်ပါတယ်။    ဦးလှထွန်း(ဗဟိုသမဝါယမအသင်း)                 Contract ရဲ့ သဘောက တရားမျှတမှု ရှိရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ စားအုန်းဆီ စာချုပ်အရ ရောင်းသူဘက်က သာသာ ထိုးထိုး လုပ်ထားတယ်လို့ ထင်ရပါတယ်။ စာချုပ်ကိစ္စ ပြန်လည်ပြုပြင်သင့်ပါတယ်။              ဦးသိန်းဟန် (ဥက္ကဌ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များနှင့် ဆီကုန်သည်များအသင်း)                        စာချုပ်နဲ့ ပတ်သက်လို့ ဘယ်လိုပြင်ဆင်လိုပါသလဲ ကုမ္ပဏီများ အနေနဲ့ဆွေးနွေး ပေးကြပါ။နောက်တစ်ချက်ကဆရာဦးတင်မောင်ဝင်း ဆွေးနွေးသလို စားအုန်းဆီရဲ့Spec ကိစ္စကိုလည်းထည့်သွင်းပြင်ဆင် ရပါမယ်။ ရန်ကုန်ဆိပ်ကမ်းအခြေအနေအရ မြစ်ဆိပ်ကမ်းဖြစ်လို့ turnover နဲ့ ပတ်သက်လို့ Supplier တွေနဲ့ ဆွေးနွေးသွားရမှာ ဖြစ်ပါတယ်။ လက်ရှိ သင်္ဘောတွေ နှောင့်နှေးခြင်းဟာ Storage facilities အားနည်းလို့ ပင်လယ်ဝမှာ သင်္ဘောစောင့်တဲ့အရေ အတွက်က မလျော့ဘူးဖြစ်နေပါတယ်။ ဒါနဲပတ်သက်လို့ တင်သွင်းသူ တွေအနေနဲ့ Inland Tank တွေ တည်ဆောက်ကြပြီး ဆီကန်မှာ ၁၄ ရက်အတွင်း ထုတ်ယူလို့မကုန်ရင် မိမိတို့ သိုလှောင်ကန်မှာ ထားရှိဖို့ တိုက်တွန်းလိုပါတယ်။ စာချုပ်ပြင်ဆင်ဖို့ ကိစ္စနဲ့ ဇန်နဝါရီမတ်လ အထိ ဆီတင်သွင်းရေးအတွက် လာမယ့်အင်္ဂါနေ့(နိုဝင်ဘာလ ၂၉ )မှာ ကုမ္ပဏီများနဲ့ ဆွေးနွေးဆုံးဖြတ်ပြီး ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီကို အမြန်ဆုံး တင်ပြသွားဖို့ ဆောင်ရွက် သွားပါမယ်။  ဦးမျိုးအောင် (ဒါရိုက်တာ Diamond Dragon Co.,Ltd.)                     ကျွန်တော်တို့ ဆီကန်အနေနဲ့ ISO စည်းကမ်းအတိုင်း ဆီထုတ်ယူပြီးတိုင်း ဆီကန်ကို အမြဲသန့်ရှင်းရေးလုပ်သလို ဆီထပ်ဖြည့်မယ်ဆိုရင်လည်း Dry Certificate ရယူထားပါတယ်။ ဆီတင်သွင်း သူတွေအနေနဲ့လည်း အရည်အသွေး၊ အနံ့နဲ့ ပမာဏအတွက် ယုံမှားသံသယမဖြစ်ရအောင် ဆီသင်္ဘော ရောက်ရှိပြီဆိုတာနဲ့ ဆီကန်အတွင်း သန့်ရှင်းကြောင်း၊ ဘာပစ္စည်း လက်ကျန်မှ မရှိကြောင်း ပူးပေါင်း ကြည့်ပေးဖို့ လိုပါတယ်။ နောက်ပြီး ဆီသင်္ဘောပေါ်က စတင် ထုတ်ယူချပြီး ဆီဖြန့်ဝေသူများကို ပြန်လည်ထုတ်ယူပေးတဲ့အထိ စောင့်ကြည့်စစ်ဆေးပါဝင် ဆောင်ရွက် မယ်ဆိုရင် ပြဿနာတစ်စုံ တစ်ရာ ဖြစ်ပါကလည်း သံသယရှင်းစွာ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။  ဦးထွန်းအေး (ဒါရိုက်တာ United Group)                      နိုင်ငံအနေနဲ့ ၁ လကို တန်ချိန် ၃၀၀၀၀ တင်သွင်းတာ မများ ပါဘူး။ စုပေါင်းတင်သွင်းဖို့ ကိစ္စ၊ သင်္ဘောများ နှောင့်နှေးကြန့်ကြာတဲ့ ကိစ္စတွေ ဖြေရှင်းဖို့ ဆီအသင်း၊ တင်သွင်းသူ၊ ထပ်ဆင့် ဖြန့်ဖြူးသူ၊ သင်္ဘောလိုင်းနဲ့ ဆီထုတ်လုပ်သူ စတဲ့ ကဏ္ဍစုံမှပါဝင်ပြီး ကော်မတီဖွဲ့ စည်းကာ အဖြေရှာပါမယ်။ လက်ရှိအခြေအနေမှာ တင်သွင်းသူများ က သင်္ဘောရောက်ပြီဆိုတာနဲ့ လေရောင်းလေဝယ်လုပ်နေကြတာ ကြာရင် ရှုပ်ထွေးမှာစိုးရပါတယ်။ ဒါကြောင့် ကော်မတီဖွဲ့ပြီး ဆုံးဖြတ်သင့်ကြောင်း အကြံပြုလိုပါတယ်။   ဦးမျိုးသက်ပိုင် (အောင်တမံ ကုမ္ပဏီ)                     လက်ရှိမြန်မာနိုင်ငံက ဆီတင်သွင်းရာမှာ အားလုံးညီညွတ်မှု မရှိလို့ ရောင်းသူ မလေးရှား၊ အင်ဒိုနီးရှား တို့ဆီမှာ အောက်ကျို့ပြီးဝယ်ယူနေရပါတယ်။ ဦးဆောင်ညွှန်ကြားရေးမှူး အကြံပြုသလို ကုမ္ပဏီများအားလုံး ရှယ်ယာလုပ်ပြီး သွင်းမယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက ပြည်ပက တင်သွင်းတာကိုပဲ အားမကိုးဘဲ အာရုံပြောင်းပြီး တင်သွင်း ကုမ္ပဏီတွေ စုစည်းကာ ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်ဖို့လည်း ကျွန်တော့်အနေနဲ့ အကြံပြု တင်ပြလိုပါတယ်။  ဆွေးနွေးပွဲမှ အဓိကညှိနှိုင်းရရှိချက်များ- မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များနှင့် ဆီကုန်သည်များ အသင်းနဲ့ တင်သွင်းကုမ္ပဏီတို့မှ အချင်းချင်း စာချုပ်ကိစ္စကို ညှိနှိုင်းပြီး ရရှိလာတဲ့ သဘောတူညီချက် အားလုံးမျှတတယ်လို့ ယူဆရင် Seller  ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ဆိုမှုကို ပြန်လည်ညှိနှိုင်းဖို့ - ဆီသိုလှောင်ကန်မှာ ဆီထုတ်ယူမှု ကြန့်ကြာတဲ့အတွက် ပင်လယ်ဝမှာ သင်္ဘောများ အလှည်စောင့်ဆိုင်းနေရတဲ့ ပြဿနာ ပြေလည်နိုင်စေဖို့ အသင်းနဲ့ Importer ကုမ္ပဏီများ မှ တစ်လ တင်သွင်းမယ့် တန်ချိန်ပမာဏနဲ့ တင်သွင်း မယ့် ကုမ္ပဏီများညှိနှိုင်းပြီး သင်္ဘောကြန့်ကြာမှုမရှိစေရေး၊ ဆီလှောင်ကန်များမှ ဆီကို သတ်မှတ်ရက်အတွင်း ထုတ်ယူရေးနဲ့ သတ်မှတ်ရက်ထက် ကျော်လွန်ပါက ရက်လွန်ကြေးပေး ဆောင် ရှင်းလင်းခြင်းများနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ် ဆွေးနွေးသွားရေး၊ ညှိနှိုင်းရရှိချက်များအရ အသင်းမှတစ်ဆင့် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီသို့ တင်ပြပြီး ကော်မတီမှ ထိန်းကျောင်း ကြပ်မတ်ဆောင်ရွက်ပေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။