မန္တလေးမြေဈေးကွက်မှာ ဈေးမြင့်ပြီး အရောင်းသွက်လျက်ရှိတာကြောင့် မြေကွက်တွင် ရင်းနှီးမြှုပ်နှံမှုမှာ ကြာမြင့်ဦးမှာဖြစ်ကြောင်း မြေအကျိုးဆောင်များက ဆိုပါတယ်။ " မြေကွက်တွေကို ဒီကနေဝယ်ပြီး နောက်ရက်ပြန်ရောင်းရင်အမြတ်ရနေတော့ ရင်းနှီးမြှုပ်နှံတဲ့သူများလာတယ်။ မြေဈေးကလည်း အချိန်ပိုင်းအတွင်း အပြောင်း အလဲရှိသလို ဝယ်တဲ့သူလည်း များနေတော့ မြေထဲမှာပဲ ရင်းနှီးမြှုပ်နှံလိုသူများလာတဲ့ သဘောပဲ။ ခုချိန်မှာ ရွှေဈေးကလည်း ကျနေတယ်။ ကားဈေးကွက်ကလည်း ပျောက်နေတော့ အဲဒီဘက်ကလူတွေပါ မြေဘက်လှည့်လာ ကြတယ်။ အရင်လို ခဏတာ လာရောက်ရင်းနှီးမြှုပ်နှံပြီး၊ ပြန်သွားမယ့်ကုန်သည်တွေ မပါဘူး။ ဒါကြောင့် မြေကွက်ဈေးက မကျဆင်းနိုင်သလို ရင်းနှီးမြှုပ်နှံမှုလည်း ကြာနိုင်တယ်။ မြေအရောင်း အဝယ် ဘယ်လောက်ကောင်းသလဲဆိုရင် လုပ်နေကျ မြေအကျိုးဆောင်တွေသာမက တခြားအလုပ်လုပ်နေတဲ့သူတွေပါ အကျိုးဆောင်တွေဖြစ်လာကြတယ်" လို့ ဝါရင့်မြေ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။ မြေကွက်များအရောင်းအဝယ် ကောင်းနေတာကြောင့် ခဏတာ မြေအကျိုး ဆောင် ဝင်ရောက်လုပ်ကိုင်သူ ဝန်ထမ်းတစ်ဦးကလည်း " ကျွန်တော်လည်း မြို့သစ်ဘက်မှာ အိမ်သွားရှာရင်းက မိတ်ဆွေတွေအတွက် မြေအကျိုးဆောင် လုပ်ပေးဖြစ်သွားတယ်။ တစ်ဦးအပ် တစ်ဦးအပ်နဲ့ မြေအကျိုးဆောင်ဖြစ်လာခဲ့တာ။ ဒီတစ်ပတ် ထဲမှာ မိတ်ဆွေတစ်ဦးက သိန်း ၇၀၀ လာအပ်ပြီး၊ မြတ်ရင်ပြီးရောဝယ်ပေးပါဆိုလို့ မြို့သစ်ထဲမှာ ကျပ်သိန်း ၂၀၀ ဝန်းကျင်တန်တွေ လိုက်ဝယ်တာရက်ပိုင်းအတွင်းမှာ ပြန်ရောင်းလို့လည်းလွယ်တယ်။ အမြတ်လည်း ကျန်တယ်။ ဈေးကွက်ကသွက်နေ တော့ မြေအကျိုးဆောင်မဟုတ်ပေမယ့်လည်း ဝင်ရောက်လုပ်ကိုင်လို့ ကောင်းတဲ့ အခြေအနေပဲ။ ကိုယ်ကသာ မှန်မှန်ကန်ကန်လုပ်ရင် အလုပ်ဖြစ်ပါတယ်"လို့ ပြောပါတယ်။ မန္တလေးမြေဈေးကွက်အတွင်းမှာ မြို့သစ်မြေကွက်များ အရောင်းသွက်လျက် ရှိပါတယ်။ မြို့သစ်ပိုင်းမှာလည်း မြို့တွင်းနဲ့နီးတဲ့အပိုင်းမှာ ဈေးမြောက်နေပြီး၊ နောက် ချပေးတဲ့မြို့စွန်ရှိ ကွက်သစ်များမှာ ပိုပြီးအရောင်းအဝယ် သွက်လျက်ရှိပါတယ်။ "ညည" ''ဒဒ" "နန" ''ဓဓ" ''လလ" (အရှေ့ခြမ်း)အကွက်များက သိန်း ၂၀၀ ဝန်းကျင်တန်အကွက်များ လိုက်လံရှာဖွေဝယ်ယူနေခြင်းကြောင့် အဆိုပါရပ်ကွက် များမှာ ငွေထုပ်ကိုင်ပြီး မြေကွက်လိုက်လံ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိနေတယ်လို့ သိရပါတယ်။ ဇူးဇူး
Background
