ကမ္ဘာ့စီးပွားရေးပြိုကွဲတာ ပြင်းပြင်းထန်ထန် ဖြစ်လာရင် အာရှဖွံ့ဖြိုးဆဲ နိုင်ငံတွေအနက် ထိုင်းနဲ့ မလေးရှားတွေက အန္တရာယ်နဲ့အများဆုံး နီးကပ်နေတယ်လို့ အဆင့်သတ်မှတ်ရေးအေဂျင်စီ Fitch က နိုဝင်ဘာ ၂၂ ရက်က ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ဂယက်ရိုက် ခတ်မှုအနည်း ဆုံး ခံရမဲ့နိုင်ငံဖြစ်ပြီး အကယ်၍ကမ္ဘာ့ စီးပွားရေးက ပြင်းပြင်းထန်ထန်ကျဆင်းလာရင် စီးပွားရေး တွန်းအားပေးအစီအစဉ်ကို အများဆုံးပေး နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ Fitch က ပြောပါတယ်။ ပြည်တွင်း စီးပွားရေးအင်အားကြီးမှုနဲ့ နိုင်ငံရဲ့ ကြွေးမြီ/ဂျီဒီပီအချိုးက နိမ့်ကျတဲ့အတွက် အင်ဒိုနီးရှားက ဒေသတွင်းမှာ ဥရောပကြွေးမြီ အကျပ် အတည်းနဲ့ အထိအတွေ့ အနည်းဆုံးနိုင်ငံဖြစ်ပါတယ်။ အရှေ့တောင် အာရှမှာ အကြီးဆုံးဖြစ်တဲ့ အင်ဒိုနီးရှားစီးပွားရေးက လာမဲ့ ၁၂ လကနေ ၁၈ လအတွင်းမှာ အဆင့်မြင့်တက်လာမယ်လို့ Fitch အေဂျင်စီရဲ့ လေ့လာဆန်းစစ်ရေးမှူး ဖိလစ်မက်နီကိုလပ်က ပြောပါတယ်။ သို့သော် အဓိကကျတဲ့စမ်းသပ်မှုကတော့ အင်ဒိုနီးရှား အစိုးရကစီးပွားရေးကျဆင်းမှု ကို နည်းသွားအောင် ဘယ်လိုကောင်းမွန်စွာ ဆောင်ရွက်နိုင်မယ်ဆိုတဲ့ အပေါ်မှာ မူတည်နေပါတယ်။ Fitch အေဂျင်စီက အင်ဒိုနီးရှားနိုင်ငံကို BB+ အဆင့်သတ်မှတ် ထားပြီး အကောင်းဘက်ကရှုမြင်ထားပါတယ်။ အထိတ်တလန့်ဖြစ်မှု တွေကို ကြံ့ကြံ့ခံနိုင်တဲ့စွမ်းရည်က အင်ဒိုနီးရှားအတွက် အလားအလာ ကောင်းနေပါတယ်လို့ သူက ဂျာနယ်လစ်တွေကို ပြောပါတယ်။ တရုတ်နဲ့အိန္ဒိယနိုင်ငံတွေကလည်း ပြင်ပမှာဖြစ်ပေါ်နေတဲ့ အထိတ် တလန့်ဖြစ်မှုတွေနဲ့ အထိုက်အလျောက် အကာအကွယ် ရနေပါတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ်နှောင်းပိုင်းကစခဲ့ပြီး ၂၀၀၉ ထိဖြစ်ပွားခဲ့တဲ့ နောက်ဆုံး ကမ္ဘာ့ စီးပွားရေးကျဆင်းမှုနဲ့နှိုင်းယှဉ်ရင် မူဝါဒဆိုင်ရာ တွန်းအားပေး မှုတွေက အနည်းငယ်ကျဆင်းနိုင်ပါတယ်။ အာရှနိုင်ငံတွေက ကမ္ဘာ့တခြား နိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် ငွေကြေးသုံးစွဲမှုတွေကို အလုံးအရင်းနဲ့ ဆောင်ရွက် နိုင်တယ်လို့ Fitch က ပြောပါတယ်။ Source.AFP
Background
