မန်းပဲဈေးကွက်သို့ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲတိုင်ပေတို့ ပစ္စည်း အဝင်နည်းကာ လက်ကျန်လည်း နည်းလာပြီလို့သိရပါတယ်။ နိုဝင်ဘာလ ပထမ ပတ်နဲ့ ဒုတိယပတ်တို့မှာ တောင်သူတွေ မျိုးပြန်လည်ဝယ်ယူခဲ့ခြင်း၊ ခွဲစက်များနဲ့ ရန်ကုန်ဝယ်လို အားကောင်းလာခြင်းတို့ကြောင့် ဈေးကွက်အတွင်း ကုလားပဲဖြူလုံး ကြီးတစ်ပိဿာ ၁၁၅၃ ကျပ်၊ ထိုင်ဝမ် ၁၀၄၀ ကျပ်နဲ့ ဈေးမြင့်ကာ အရောင်းအဝယ် လည်း သွက်တယ်လို့ ဈေးကွက်ကသိရပါတယ်။ တတိယပတ်နဲ့ စတုတ္ထပတ်တို့မှာတော့ ဈေးကွက်အတွင်း ရန်ကုန်ဝယ်လက် အားပျော့လာကာ၊ တောင်သူတွေစိုက်ပျိုးပြီးစီးခဲ့တာကြောင့် ခွဲစက်များကလည်း အောက်ဈေးနဲ့ဝယ်ယူနေပါတယ်။ တတိယပတ်မှာ ကုလားပဲဖြူတစ်ပိဿာ ၁၀၁၃ ကျပ်၊ တိုင်ပေ ၉၄၂ ကျပ်နဲ့ အမြင့်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ နောက်ဆုံးပတ်မှာ ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၉၇၈ ကျပ်နဲ့ ထိုင်ဝမ် ၈၈၉ ကျပ်ထိ ဈေးအေး လာကာ အရောင်းအဝယ်လည်း အေးလာကြောင်း ဈေးကွက်မှသိရပါတယ်။ မန်း ဈေးကွက်မှာ ကုလားပဲလက်ကျန်နည်းလာတာကြောင့် လှောင်လက်အချို့ ထုတ်ရောင်းတာနည်းပါတယ်။ ရန်ကုန်လက် အဝယ်ပြန်လိုက်လာရင်တော့ ကုလားပဲဈေး ပြန်လည်ဦးမော့လာနိုင်တယ်လို့ ကုန်သည်များကဆိုပါတယ်။ နိုင်ထွန်း
Background