နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်တင်ပို့နိုင်ဖို့ အိန္ဒိယအစိုးရက ကြက်သွန်နီတင်ပို့ဈေးနှုန်းကို တစ်ပတ် အတွင်း တစ်တန် ကန်ဒေါ်လာ ၂၅၀ ကို ဒေါ်လာ ၁၀၀ ထပ်မံလျှော့ချလိုက်ပါတယ်။ ဘင်ဂါယာ ကြက်သွန်နဲ့ ကရီရှနာပူရမ်ကြက်သွန်များမှအပ အခြားကြက်သွန်အမျိုးအစားအားလုံးအတွက် အနိမ့်ဆုံး တင်ပို့ဈေးနှုန်း (MEP)ဟာ တစ်တန်ကန်ဒေါ်လာ ၂၅၀ ကို သတ်မှတ်ခဲ့ခြင်းဖြစ်တယ်လို့ ပြည်ပကုန်သွယ်ရေးဌာနမှ ပြောကြားခဲ့ပါတယ်။ ဘင်ဂါယာနဲ့ ကရီရှနာပူရမ်ကြက်သွန်များအတွက် MEP ကို ကန်ဒေါ်လာ ၃၀၀ သတ်မှတ်တယ်လို့လည်း ဆိုပါတယ်။ ယင်းကြက်သွန် အမျိုးအစားများကလည်း ယခင်သတ်မှတ်ထားတဲ့ ကန်ဒေါ်လာ ၄၀၀ ထက်များစွာ လျော့ကျခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၈ ရက်က ကြက်သွန်တင်ပို့ဈေးနှုန်းကို ဒေါ်လာ ၁၂၅ လျှော့ချပြီး၊ ကန်ဒေါ်လာ ၃၅၀ ကို သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ယခုဆုံးဖြတ်ချက်ချပြီး မကြာမီမှာပဲ စိုက်ပျိုးရေးဝန်ကြီး ရှရတ်ပါဝါက တောင်သူများရဲ့ ဝင်ငွေမြှင့်တင်ဖို့ မီးဖိုချောင်သုံး ကြက်သွန်နီတင်ပို့ဈေးနှုန်းကျဆင်းမှုအပေါ် သုံးသပ်ပြောကြားခဲ့တယ်လို့ သိရပါတယ်။ (MEP) ဈေးနှုန်း တစ်တန်ကန်ဒေါ်လာ ၃၅၀ ကို ဈေးနှုန်းလျှော့ချလိုက်ခြင်းဟာ နိုင်ငံတကာဈေးကွက်မှာ တစ်တန် ကန်ဒေါ်လာ ၃၀၀ အောက်ဈေးနဲ့ ရောင်းချနေတဲ့ တရုတ်နဲ့ အခြားနိုင်ငံဈေးနှုန်းများထက် ပိုမိုနေသေးတဲ့အတွက် ကြက်သွန်နီ ရောင်းချမှု နည်းနေဆဲဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ယခုနှစ် ဧပြီလမှ နိုဝင်ဘာလ ၂၀ ရက်အထိ ကြက်သွန်နီ တင်ပို့မှုဟာ ယခင်နှစ်ထက် တန်ချိန် ၂ ဒသမ ၁၃ သိန်း ကျဆင်း ခဲ့တယ်လို့ အစိုးရပိုင် အေဂျင်စီ Nafed မှ ပြောကြားပါတယ်။ ယခင်နှစ် ဧပြီလနဲ့ နိုဝင်ဘာလ ၃၀ ရက်အတွင်း ကြက်သွန်တန်ချိန် ၁ ဒသမ ၁၁၈ သန်းတင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။ ယခုနှစ် အဲဒီကာလမှာ တန်ချိန် ၉ သိန်းကျော်သာ ပြည်ပကိုတင်ပို့နိုင်ခဲ့လို့ ၂၄ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။ ကမ္ဘာမှာ တရုတ်ပြီးရင် အိန္ဒိယနိုင်ငံဟာ ကြက်သွန်နီအများဆုံး ထုတ်လုပ်သူဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွင်း ပြည်တွင်း ဈေးနှုန်း ကျဆင်းနေမှုကြောင့် စိုက်ပျိုးထုတ်လုပ်သူများကို အကာအကွယ်ပေးဖို့ ကြက်သွန်နီတင်ပို့မှု ပိတ်ပင်ထားရာမှ ပြန်လည် တင်ပို့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ယမင်းခင်၊Source: moneycontrol.com
Background