Main menu

Background

လယ်ယာထုတ် ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးလယ်ယာထုတ်ကုန်စီမံခန့်ခွဲ့ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Fri, 11/06/2020 - 11:16 -- journal_editor

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက် (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သည့် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်း အစည်းအဝေးသို့ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်ထွက် မိုးစပါးများကို တင်ဒါစနစ်ဖြင့်ဝယ်ယူရေး ဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ကျင်းပခြင်း ဖြစ်ကြောင်း၊ တောင်သူလယ်သမား အခွင့် အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ အရ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့မှ ၂၀၂၀  ပြည့်နှစ်ထွက် မိုးစပါးများကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် သတ်မှတ်အခြေခံရည် ညွှန်းဈေးနှုန်းဖြစ်သည့် စပါးတင်း ၁၀၀ လျှင် ကျပ် ၅၂၀၀၀၀ နှုန်းအောက် မကျသော ဈေးနှုန်း ဖြင့် ဝယ်ယူရေး ဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါပုံစံဖြင့်နှင့် တင်ဒါစည်းကမ်းချက်များကို (၁၄.၁၀.၂၀၂၀) ရက်နေ့မှ (၂၈.၁၀.၂၀၂၀) ရက်နေ့အထိ ရောင်းချခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်မှ လှည့် ပတ်ရန်ပုံငွေဘီလီယံ ၂၀ ကို ထုတ်ယူ၍ စပါးဝယ်ယူရေးလုပ်ငန်းကို ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ဝယ်ယူထားသည့်ငွေကိုလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် တစ်လုံးတစ်ခဲတည်း အပြီးသတ်ပြန် လည်ပေးသွင်းရမည်ဖြစ်၍ စပါးဝယ်ယူရေးဆောင်ရွက်ရာတွင် နိုင်ငံတော် ဘဏ္ဍာငွေများ ဆုံးရှုံးမှုမရှိစေရေး စနစ်တကျဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စပါး၊ ဆန်ဝယ်ယူရေး ကြီးကြပ်မှုလုပ်ငန်းအဖွဲ့များအနေဖြင့် မိမိတိုင်းဒေသကြီး/ ပြည်နယ်အတွင်း စပါးဝယ်ယူရေး အတွက် တင်ဒါ ဆောင်ရွက်မှုအခြေအနေများအား လည်းကောင်း၊ဆန်များပြန်လည်အပ်နှံ ရာတွင် လက်ခံနိုင်ရေးအတွက် သိုလှောင်ရုံများငှားရမ်းသုံးစွဲနိုင် မည့် အခြေအနေနှင့် စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့်အခြေအနေများအား ဆွေးနွေးပေးကြရန်နှင့် တင်ဒါစနစ်ဖြင့် စပါးဝယ်ယူရေးဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင် မည့် အခက်အခဲများအပေါ် အစည်းအဝေးတက်ရောက်လာကြသော လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ စပါး၊ ဆန်ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်း အဖွဲ့များ၊ အသင်းအဖွဲ့များအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလို ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ၊ စပါး၊ ဆန်ဝယ်ယူကြီးကြပ်မှုလုပ်ငန်းအဖွဲ့များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် မြန်မာ့ကုန် ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းများလီမိတက်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံဆန် စပါးကုန်သည်များအသင်း တို့မှ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက်တင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပြည်လည်ဖြည့်စွက်ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

MOC(IR)