Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး Challenge Grant ပြိုင်ပွဲများအကြောင်း တရားဝင်ထုတ်ပြန်မည့် Press Conference သို့ တက်ရောက်

Thu, 11/12/2020 - 10:13 -- journal_editor

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Zoom Application ဖြင့် ကျင်းပပြုလုပ် သည့်COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေးစီမံချက် (CERP) ပါ ပန်းတိုင် (၅) အောက်ရှိ Challenge Grant ပြိုင်ပွဲများအကြောင်းနှင့် ပါဝင်ယှဉ်ပြိုင်နိုင်သည့် အခွင့်အလမ်းများကို အများပြည်သူ သိရှိစေရေး သတင်းစာရှင်းလင်းပွဲ အခမ်းအနားသို့ Digital Trade နှင် E-Commerce ဖွံ့ဖြိုး တိုးတက်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးအောင်ထူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) မှ ဌာနကိုယ်စားလှယ် Mr.Titon Mitra တို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် E-Commerce ဂေဟစနစ်တစ်ခုကို တည်ဆောက်နိုင်ရေးအတွက် အစိုးရအဖွဲ့အစည်းများ၊ ကုန်သည်ကြီးများ အသင်း၊ စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် မြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် ကမ္ဘာ့ကူးစက်ရောဂါသည် မိရိုးဖလာ စီးပွားရေးလုပ်ငန်းအမြောက်အများကို ခြိမ်းခြောက်နေသောကြောင့် မိမိတို့အနေဖြင့် ဒီဂျစ်တယ် အသွင်ပြောင်းမှုကို ရှေးရှုလျက် ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုကို အရှိန်မြှင့်တင်ရန်၊ ဆန်းသစ် တီထွင်မှုမှတစ်ဆင့် ဒီဂျစ်တယ်ကူးပြောင်းမှုကို အားပေးမြှင့်တင်ရန်နှင့်  ပြည်တွင်း/ပြည်ပရှိ စီးပွားရေးကဏ္ဍ စုံလင်စွာ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် UNDP ကဲ့သို့သော ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 သက်ရောက်မှုကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်ရေး အဓိကမဟာဗျူဟာတစ်ခုအဖြစ် စီးပွားရေးလုပ်ငန်းများအနေဖြင့် အွန်လိုင်း အသုံးပြုနည်းလမ်းများကို လိုက်ပါအသုံးပြုသွားနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

          အဆိုပါ Virtual သတင်းစာရှင်းလင်းပွဲတွင်  MoCOM E-Commerce Challenge Grant ပြိုင်ပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများကို ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းနှင့် Facilitation Team က အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီး အမေး/အဖြေကဏ္ဍတွင် မီဒီယာများက မေးမြန်းလာမှုများကို ကုန်သွယ်ရေးဦးစီးဌာန၊ UNDP Myanmar နှင့် Facilitation Team တို့မှ တာဝန်ရှိသူများက ဖြေကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ၊ လူငယ်ဆန်းသစ်တီထွင်သူများ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ ဂေဟစနစ်အတွင်းမှာ ပါဝင်ဆောင်ရွက်နေကြသူများကို အားပေးခြင်းဖြင့် Industrial Revolution 4.0 ကို အပြည့်အဝ လက်ခံကျင့်သုံးနိုင်သော၊ တီထွင်ဆန်းသစ်မှုများက တွန်းအားပေးမောင်းနှင်သော စီးပွားရေးတစ်ရပ်ဖြစ်ပေါ်လာရေးအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် မြန်မာနိုင်ငံ  E-Commerce ကဏ္ဍ၏ အနာဂတ်ကို ဖော်ဆောင်ရာတွင် အားပေးကူညီသွားနိုင်ရန် ရည်ရွယ်ပြီး MoCOM E-Commerce Innovation Challenge အမည်ရှိ Challenge Grant ပြိုင်ပွဲများကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP Myanmar) ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ Challenge Grant ပြိုင်ပွဲများကို COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) ၏ ပန်းတိုင် (၅) အောက်ရှိ လုပ်ငန်းအစီအစဉ်-၅.၁.၂ (ဃ) အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြစ်ပြီး ပြိုင်ပွဲများကို Round နှစ်ခုဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး၊ Round တစ်ခုလျှင် Theme နှစ်ခုနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ Theme လေးခုမှာ Theme One: COVID-19 သက်ရောက်မှုကို ကြံ့ကြံ့ခံတွန်းလှန်နိုင်ရေး (Building Resilience against the COVID-19)၊ Theme Two:  အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်း များ စနစ်တကျ တည်ထောင်နိုင်ရေး (MSMEs Formalization) ၊ Theme Three:  E-Commerce လုပ်ငန်း ကဏ္ဍနယ်ပယ်တွင်းမှ အမျိုးသမီးများနှင့် Theme Four: စားသုံးသူ အခွင့်အရေးနှင့် အွန်လိုင်းမူပိုင်ခွင့်တို့ ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အဆိုပြုလွှာများကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့မှ ဒီဇင်ဘာလ (၇) ရက်နေ့ အထိ သတ်မှတ် Round များအလိုက် လက်ခံသွားမှာဖြစ်ပြီး အသေးစိတ်သိရှိလိုပါက https://www. connectthedot.com.mm/ တွင်လည်းကောင်း၊ MoCOM E-Commerce Innovation Challenge အမည်ရှိ Facebook Page တွင်လည်းကောင်း ကြည့်ရှုနိုင်ကြောင်းသိရှိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ UNDP Myanmar တို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် သတင်းမီဒီယာများ စုစုပေါင်း  ၁၀၀  ဦးခန့် ပါဝင်တက်ရောက်ခဲ့ပြီး အခမ်းအနားအား မွန်းလွဲ ၂ နာရီ ၄၀ တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

                                                                                                                                                                                                                                                                                                           MOC(IR)