Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့် Myanmar Tradenet 2.0 စနစ်စတင်မိတ်ဆက်ခြင်း (Soft Launch) အခမ်းအနားသို့ တက်ရောက်

Thu, 11/12/2020 - 18:57 -- journal_editor

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ် သော ပို့ကုန်သွင်းကုန်မှတ်ပုံတင်ကတ်နှင့် ဆက်စပ်ကတ်များမှတ်ပုံတင်ခြင်းနှင့် ပို့ကုန်သွင်းကုန် လိုင်စင်ပါမစ်များအား Online စနစ်ဖြင့် လျှောက်ထားထုတ်ပေးနိုင်မည့် Myanmar Tradenet 2.0 စနစ်အား စတင်မိတ်ဆက်ခြင်း (Soft Launch) အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

             ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် အများပြည်သူထံဝန်ဆောင်မှုပေးသည့် လုပ်ငန်းများဖြစ်သော  ပို့ကုန်သွင်းကုန် လိုင်စင်နှင့်ဆက်စပ်လုပ်ငန်းများ အားလုံးကို Myanmar Tradenet 2.0 စနစ် Online Service များကို အသုံးပြု၍ ပိုမိုကောင်းမွန်ပြီး ပိုမိုရိုးရှင်းလွယ်ကူစေရန် ဆောင်ရွက်ပေးနိုင်တော့မည့် ဖြစ်သည့်အတွက် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် အင်တာနက် အသုံးပြုပြီး ကုန်သွယ်မှုဆက်စပ်လုပ်ငန်းများကို အချိန်ကုန်၊ ငွေကြေးကုန်ကျမှုသက်သာစွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ Myanmar Tradenet စနစ်အကောင်အထည်ဖော်ခြင်းဖြင့် ဌာန၏ လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးသာမက ကုန်သွယ်မှုလုပ်ငန်းစဉ်တစ်လျှောက်ရှိ ဌာနများပါ ပါဝင်ဆောင်ရွက်နိုင်သည့် စနစ်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့အပြင် လုပ်ငန်းစဉ်တစ် လျှောက် တူညီစွာအသုံးပြုသည့် အချက်များအား Single Entry စနစ်ဖြင့် ဆောင်ရွက်နိုင်စေရန်၊ National Single Window အထောက် အကူပြုစနစ် တစ်ခုဖြစ်လာစေရန်စသည့် ရည်ရွယ်ချက်များ နှင့် ဆောင်ရွက်ခဲ့သည့်အတွက် ကုန်သွယ်မှုလုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူလျှင်မြန်စွာ ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ၎င်းစနစ်အား လွယ်ကူစွာ အသုံးပြုနိုင် မည်ဖြစ်ပြီး Tradenet 2.0 စနစ် မရှိသေးသည့် ကုန်သွယ်မှုနှင့်ဆက်စပ်သည့်ဌာနများပါ ပါဝင် အသုံးပြုနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော စနစ်တစ်ခုအဖြစ် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အခွင့်အလမ်းများရရှိ၍ Ease of Dong Business Ranking တိုးတက်မှုကိုလည်း အထောက်အကူပြုလာနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

             အဆင့်မြှင့်တင်ထားသော Myanmar Tradenet 2.0 စနစ်ကို အသုံးပြုရန်အတွက် ပထမ အဆင့်အနေဖြင့် ပို့ကုန်/ သွင်းကုန်လုပ်ငန်းရှင်များသည် TradeNet အသင်းဝင်ခွင့်အား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်နှင့် ဆက်စပ်ကတ်များလျှောက်ထားခြင်းများကို စနစ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့မှစ၍ လျှောက်ထားနိုင်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ကုန်ပစ္စည်းအမယ်အချို့ကို စတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် အဆင့်မြှင့်တင်ထားသော Myanmar Tradenet 2.0 စနစ်ဖြင့် ပို့ကုန်/သွင်းကုန် ကုန်ပစ္စည်း အမယ်အားလုံးအား လျှောက်ထားနိုင်ရေး မျှော်မှန်းဆောင်ရွက်လျှက်ရှိကြောင်းနှင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်အပါအဝင် ဆက်စပ်ကတ်များနှင့် ပို့ကုန်/သွင်းကုန် လိုင်စင်များကို အွန်လိုင်းမှထုတ်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

             အဆိုပါမိတ်ဆက်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ ဥက္ကဌများ၊ ကိုယ်စားလှယ်များ၊ ကုန်သည်လုပ်ငန်းရှင်များ၊  Myanmar Tradenet 2.0 စနစ်အကောင်အထည် ဖော်ရန် ပံ့ပိုးပေးသည့် USAID မှ မြန်မာနိုင်ငံဆိုင်ရာဌာနေ ညွှန်ကြားရေးမှူး Ms. Aler Grubbs နှင့် တာဝန်ရှိသူများ၊ အကောင်အထည်ဖော်ပေးသည့် Information Matrix Co.,Ltd မှ မန်နေဂျင်း ဒါရိုက်တာနှင့် တာဝန်ရှိသူများ၊ MPU၊ KBZ၊ MCB နှင့် Ayeyarwaddy ဘဏ်များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ပမြန်မာနိုင်ငံသံရုံးများရှိ စီးပွားရေးသံမှူးများ၊ နယ်စပ်ကုန်သွယ်ရေးစခန်း များရှိ စခန်းတာဝန်ခံနှင့်တာဝန်ရှိသူများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ပြင်ပသတင်းမီဒီယာဌာနများ အပါအဝင်  အခမ်းအနားသို့  စုစုပေါင်းတက်ရောက်သူ ၄၇၀ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

MOC(IR)