၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့(၁၃:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ် သော ၂၀၂၀ ပြည့်နှစ် ဆောင်းရာသီထုတ်လုပ်မည့် ကုန်စိမ်းသီးနှံများ ထုတ်လုပ်သည်မှ ဈေးကွက်ဝင် ရောက်နိုင်သည်အထိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးနှင့် မှိုစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့နှင့် နည်းပညာရရှိရေး ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုကျင်းပသည့်အစည်းအဝေး သည် မကြာမီရောက်ရှိတော့မည့် ဆောင်းရာသီတွင် ထွက်ရှိလာမည့် ကုန်စိမ်းသီးနှံများ၊ ဖရဲသခွား၊ လိမ္မော်၊ ခရမ်းချဉ်၊ ဂေါ်ဖီစသည့် သီးနှံများကို စားသုံးသူများထံသို့ရောက်ရှိရေး ကြိုတင်စီမံထားရှိရန် ဝိုင်းဝန်းအကြံပြုညှိနှိုင်းဆွေးနွေးရန်အတွက် ကျင်းပသည့်အစည်းအဝေးဖြစ်ကြောင်း၊ ယခု COVID-19 ကာလတွင် ထွက်ပေါ်လာမည့်သီးနှံများကို ဈေးကွက်သို့ရောက်ရှိရန် ကန့်သတ်ချက်၊ တားမြစ်ချက်များကြောင့် စားသောက်ဆိုင်များ၊ ဈေးဆိုင်များ ကုန်စည်သယ်ယူပို့ဆောင်ရေးများ၌ အခက်အခဲများဖြစ်ပေါ်နေကြောင်း၊ ယခင်ကလည်း ဖရဲသီးနှံများ တင်ပို့မှုခက်ခဲမှုကြောင့် ဖရဲစားပွဲတော်များကျင်းပ၍ ဖရဲစားသုံးမှု တိုးမြှင့်ရေးကို လုပ်ဆောင်ခဲ့ရကြောင်း၊ အိန္ဒိယနိုင်ငံမှ ပဲတင်ပို့မှုကန့်သတ်ခဲ့၍ ပဲများစုပုံနေခဲ့ရာ နိုင်ငံတွင်း၌ ပဲစားသုံးမှုတိုးမြှင့်ရေးအတွက် ပဲစားပွဲတော် များ ကျင်းပခဲ့ရပါကြောင်း၊ ယခုအခါ COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ကန့်သတ်မှုများ ရှိလာသဖြင့် သီးနှံထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံး ထိခိုက်လာနိုင်သဖြင့် ကြိုတင်စီမံမှုများ လိုအပ် လာပါကြောင်း၊ အဆိုပါသီးနှံများအတွက် သွင်းအားစုများနှင့် အရည်အသွေးပြည့် ဓါတ်မြေဩဇာများ မှန်မှန်ကန်ကန် လျင်လျင်မြန်မြန်ရရှိရန်လည်း လိုအပ်ပါကြောင်း၊ တရုတ်နယ်စပ်သို့ဖရဲသခွား တင်ပို့ရန်အတွက် နယ်စပ်တွင်ကန့်သတ်မှုများရှိနေ၍ ကုန်စည်စီးဆင်းမှုနှောင့်နှေးနေပြီး သီးနှံ စိုက်ပျိုးသူများ ထိခိုက်နစ်နာမှုများရှိကြောင်း၊ တောင်သူများအနေဖြင့် ဈေးကွက်အခြေအနေကို ကြည့်၍ သီးနှံများကို ပြောင်းလဲစိုက်ပျိုးရန်လည်း လိုအပ်ပါကြောင်း၊ တစ်ဖက်နိုင်ငံ၏ စားသုံးမှုလည်း ကျဆင်းလာသကဲ့သို့ စားသောက်ဆိုင်များတွင် ကြက်သွန်၊ ဂေါ်ဖီသုံးစွဲမှုနှုန်း ကျဆင်းလာသဖြင့် ဝယ်လိုအားလည်း ကျဆင်းလာသည်ကိုတွေ့ရှိရပါကြောင်း၊ ပုပ်သိုးလွယ် သီးနှံများ ပြည်တွင်းဈေးကွက်သို့ လျင်လျင်မြန်မြန် ပို့ဆောင်နိုင်ရန်အတွက် ဖြစ်ပေါ်နေသည့် အတားအဆီးများကို ဌာနများ၊ အသင်းအဖွဲ့များပေါင်းစပ်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် လိုအပ်ပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီးက ကုန်စိမ်းသီးနှံများ စီးဆင်းမှု ချောမွေ့အောင်လုပ်ဆောင်နိုင်ခဲ့သည့် အခြအနေရှိခဲ့ကြောင်း၊ ကုန်စိမ်း သီးနှံများသည် ပုပ်သိုးလွယ်သည့်သီးနှံဖြစ်၍ သိုလှောင်နိုင်သည့် Storage Capacity ရှိအောင်စီစဉ် ထားရှိရန် လိုအပ်ပါကြောင်း၊ COVID-19 ကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အကန့်အသတ်များရှိနေပါကြောင်း၊ အလုပ်သမားများ၊ စိုက်ပျိုးထုတ်လုပ်သူများပါဝင်သည့် ကွင်းဆက်တစ်ခုလုံးအတွက် စံသတ်မှတ်ချက်၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲအဖြေရှာပေးနိုင်ပါက ကောင်းမွန်နိုင်ပါကြောင်း၊ မှို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အရင်းအနှီးလိုအပ်မှုကို သမဝါယမချေးငွေမှ ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မှို စိုက်ပျိုးထုတ်လုပ်ရာတွင် အဓိကလိုအပ်သော သွင်းအားစု၊ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးနည်းစနစ် များရရှိရေး ဆောင်ရွက်ပေးခြင်း၊ မှိုစိုက်ပျိုးနည်းစနစ်များကို သင်တန်းပို့ချပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်းပြောကြားခဲ့သည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြောကြားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အသင်းအဖွဲ့များ သုံးဦးသုံးဖလှယ် ဆောင်ရွက်ပါက အခက်အခဲများကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုလိုအစည်းအဝေးကျင်းပရခြင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်စီးပွားရေးဝန်ကြီးများအစည်းအဝေးက ဆွေးနွေးချက်များအရ ပြုလုပ်သည့် အစည်းအဝေး ဖြစ်ကြောင်း၊ပြည်တွင်းတွင် ကုန်တင်ယာဉ်များကန့်သတ်မှုရှိနေပြီး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့နှင့်လည်း ကုန်းကြောင်းကုန်သွယ်မှုကို အဟန့်အတားဖြစ်နေကြောင်း၊ ထိုသို့ဖြစ်ပေါ် နေမှုကိုမည်သို့ကျော်လွှားကြမည်လဲဆိုသည်ကိုဆွေးနွေးရန် လိုအပ်ပါကြောင်း၊ Cold Storage၊ Packing House နှင့် Logistic Commodity Exchange Center များထူထောင်နိုင်ပါက ကုန်စည် စီးဆင်းမှုချောမွေ့လာနိုင်ပါကြောင်း၊ ပြည်ပဝယ်လိုအားကို ထိန်းညှိရောင်းချနိုင်ပါက ပုပ်သိုး ပျက်စီးမှု၊ဈေးနှုန်းကျဆင်းမှု များကိုရှောင်ရှားနိုင်မည်ဖြစ်ပါကြောင်း၊ သီးနှံကုန်စည်ဒိုင်များကို မန္တလေး၊လားရှိူးနှင့် တန့်ယန်း(နမ့်ဖတ်ကာ)ဒေသများတွင် တည်ထောင်နိုင်ပါက ပြည်ပတင်ပို့မှုကို အထောက်အကူပြုနိုင်ကြောင်း၊ Stay Home ကာလတွင် စားသုံးသူများကို ကုန်စည်ရောင်းချသည့် ဈေးကားများဖြင့် မြန်မာနိုင်ငံသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူ များအသင်းက ဆောင်ရွက်ပေးနေသည်များရှိပါကြောင်း၊ ကုန်ကြောင်းပိုင်းသာမက လေကြောင်း လိုင်းဖြင့်လည်း တင်ပို့မှုများ စီစဉ်နိုင်ရန်လိုအပ်ပါကြောင်း၊ သီးနှံထွက်ရှိရာဒေသမှ အနီးဆုံး နိုင်ငံများသို့ တင်ပို့နိုင်ရေးဆွေးနွေးကြရန်လည်းလိုအပ်ပါကြောင်း၊ ကုန်သည်များအနေဖြင့် တင်ပို့လိုသည့်နိုင်ငံများကို အဆိုပြုပေးပါက စီးပွားရေးသံမှူးများနှင့် ချိတ်ဆက်ပေးသွား မည်ဖြစ်ကြောင်း၊ မှိုစိုက်ပျိုးမှုချဲ့ထွင်ရန် လိုအပ်ပါကြောင်း၊မှိုသည်ပရိုတင်းဓါတ်ကြွယ်ဝ၍ အာဟာရ ရှိသဖြင့် ဈေးကွက်ဖန်တီးပေးနိုင်ရန်လိုအပ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ကော့မှူးမြို့နယ်တွင် မှိုစိုက်ပျိုးမှုများပြားပြီး ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ရောင်းချလျှက်ရှိရာ မှိုစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်စေရေးအတွက် ဓါတ်ခွဲခန်း၊ ပေါင်းတင်စက်စသည်များပံ့ပိုးပေးရန်လိုအပ် မည်ဖြစ်ကြောင်းနှင့် တက်ရောက်လာသူများအနေဖြင့်ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် အသင်းအဖွဲ့များမှ ၎င်းတို့ရင်ဆိုင်ကြုံတွေ့နေ ရသည့်အခက်အခဲများနှင့် ကုန်စည်သယ်ယူပို့ဆောင်မှုအဆင်ပြေစေရေး၊ စိုက်ပျိုးရေးအတွက် မျိုးကောင်း မျိုးသန့်များရရှိရေးနှင့် နည်းပညာအကူအညီများ ရရှိရေးတို့အတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးစေလိုသည့်အချက်များကို တင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေး ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အစည်းအဝေးသို့စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာ နိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း၊ မြန်မာနိုင်ငံစားသုံးသူမှိုစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့၊ မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ရှမ်းပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုချောင်သီးနှံ စိုက်ပျိုး ထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။