Main menu

Background

(၈-၁၀-၂၀၂၁) မှ (၁၄-၁၀-၂၀၂၁ ) ထိ စက်သုံးဆီ ( ဓာတ်ဆီ၊ ဒီဇယ်ဆီ ) ပြည်တွင်းစျေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 10/15/2021 - 15:15 -- journal_editor

           ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်း သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြ ထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၂၇) နိုင်ငံအနက် မာလာဝီ နိုင်ငံသည် ယခင် အပတ် စျေးနှုန်းထက် (၂၇.၉၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး လက်ဘနွန် နိုင်ငံတွင် (၁၃.၃၀ %)၊ Botswana နိုင်ငံတို့တွင် (၆.၉၀ %)နှင့် ဒိန်းမတ် နိုင်ငံတို့တွင် (၅.၆၀ %) ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး စျေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၇၁) နိုင်ငံရှိကြောင်း တွေ့ရှိရ ပါသည်။

           ယခုတစ်ပတ်အတွင်း ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ နီပေါ၊ ပါကစ္စတန်၊ ကိုလံဘီယာ၊ အစ္စရေး၊ ဂျော်ဒန်၊ ကင်ညာ၊ မိုနာကို၊ နိုင်ဂျီးရီးယား၊ အိုမန်နှင့် ပီရူး စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၅၁) နိုင်ငံတွင် ယခင်အပတ် စျေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီ ဈေးနှုန်း တည်ငြိမ်ခဲ့ကြောင်း လေ့လာ တွေ့ရှိရပါသည်။

          ဓာတ်ဆီစျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မြန်မာ၊ ဆွစ်ဇာလန်၊ အယ်လ်ဘေးနီးယားနှင့် ဂိုင်ယာနာ အပါအဝင် နိုင်ငံပေါင်း (၅) နိုင်ငံရှိပြီး ယခင်တစ်ပတ် စျေးနှုန်း ထက် (၀.၃၀ %) မှ (၄.၈၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

          အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီ စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ဗီယက်နမ် နိုင်ငံတွင် (၄.၂၀ %)၊ စင်ကာပူ နိုင်ငံတွင် (၁.၆၀ %)၊ ဖိလစ်ပိုင် နိုင်ငံတွင် (၁.၁၀ %)နှင့် ထိုင်းနိုင်ငံတွင် (၀.၄၀ %) ဖြင့် စျေးနှုန်း မြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံတွင် (၄.၈၀ %) ဖြင့် စျေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် စျေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရပါသည်။

           ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း (၁၂၇) နိုင်ငံအနက် မာလာဝီနိုင်ငံသည် ယခင်အပတ် စျေးနှုန်းထက် (၂၄.၇၀ %) ဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ခရိုအေးရှား နိုင်ငံတွင် (၁၇.၈၀ %)၊ လက်ဘနွန် နိုင်ငံတွင် (၁၃.၂၀ %)နှင့် ဒိန်းမတ် နိုင်ငံတွင် (၉.၂၀ %) ဖြင့် စျေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၆၇) နိုင်ငံ ရှိကြောင်း တွေ့ရှိရပါသည်။

        ယခုတစ်ပတ်အတွင်း ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ နီပေါ၊ ဘာဘေဒို၊ အီရန်၊ ဂျော်ဒန်၊ ပီရူး၊ ကာတာ၊ တောင်အာဖရိကနှင့် ဇင်ဘာဘွေ စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၅၄) နိုင်ငံတို့တွင် ယခင်အပတ်များအတိုင်း ဈေးနှုန်း အပြောင်းအလဲမရှိဘဲ ဒီဇယ် စျေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

          ဒီဇယ်စျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မြန်မာ၊ ဖိလစ်ပိုင်၊ အာဂျင်တီးနား၊ ဆွစ်ဇာလန်နှင့် အယ်လ်ဘေးနီးယား အပါအဝင် နိုင်ငံပေါင်း (၆) နိုင်ငံရှိပြီး ယခင် တစ်ပတ် စျေးနှုန်းထက် (၀.၂၀ %) မှ (၁၀.၇၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

        အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ် လျှင် ဗီယက်နမ် နိုင်ငံတွင် (၅.၈၀ %)၊ စင်ကာပူနိုင်ငံတွင် (၂.၄၀ %)နှင့် ထိုင်းနိုင်ငံတွင် (၁.၂၀ %)၊ ဖြင့် စျေးနှုန်းမြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံတွင် (၅.၀၀ %)နှင့်ဖိလစ်ပိုင်နိုင်ငံတွင် (၁၀.၇၀ %) ဖြင့် စျေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် စျေးနှုန်းအပြောင်းအလဲ မရှိ တည်ငြိမ်နေခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

              ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့တွင် Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ကမ္ဘာ့စက်သုံးဆီ စျေးနှုန်းမှာ ဓာတ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၂၁) နှင့် ဒီဇယ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၀၉) ရှိပြီး စက်သုံးဆီ စျေးနှုန်း နိုင်ငံ အလိုက် နည်း/များတွင် မြန်မာနိုင်ငံသည် ဓာတ်ဆီစျေးနှုန်း (၁) လီတာ (၀.၈၀) ဒေါ်လာနှုန်းဖြင့် (၃၃) နိုင်ငံမြောက် နှင့် ဒီဇယ်ဆီဈေးနှုန်း (၁) လီတာ (၀.၇၆) ဒေါ်လာနှုန်းဖြင့် (၃၃) နိုင်ငံမြောက်တွင် ရှိနေကြောင်း တွေ့ရှိရပါသည်။

       ကမ္ဘာတစ်ဝှမ်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကျဆင်းလာခြင်းနှင့် တရုတ် နိုင်ငံကဲ့သို့ စီးပွားရေးအင်အားကြီးနိုင်ငံများ၌ စွမ်းအင်ပြတ်တောက်မှုများကြောင့် ကမ္ဘာ့ရေနံဝယ်လိုအား များပြားလာခြင်းနှင့်အတူ ရေနံတင်ပို့သည့် နိုင်ငံများဖြစ်သည့် အိုပက်နှင့်မိတ်ဖက်နိုင်ငံများအဖွဲ့သည် နှစ်ကုန်အထိ ရေနံထုတ်လုပ်မှုနှုန်းကို အလျင်အမြန် တိုးမြှင့်ခြင်းထက် တဖြည်းဖြည်းသာတိုးမြှင့်၍ ထုတ်လုပ်သွားရန် အစီအစဉ်ရှိသောကြောင့် ကမ္ဘာ့ရေနံစိမ်းစျေးသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၀ ကျော်သို့ ရောက်ရှိလာသည်ကိုတွေ့ရှိရပါသည်။ 

               ပြည်တွင်းစျေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းများမှာ အောက်တိုဘာလ ၁၄ ရက်နေ့တွင် အောက်တိန်း-92 တစ်လီတာလျှင် ၁၄၂၀ ကျပ်၊ အောက်တိန်း -95 တစ်လီတာလျှင် ၁၄၅၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၄၃၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၁၄၃၅ ကျပ် အသီးသီး စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေး အသင်းတို့ ပူးပေါင်းစီစဉ်ကာ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ် မှ ရည်ညွှန်း ငွေလဲလှယ်နှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးရန် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို ၂၅-၉-၂၀၂၁ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးတွင် အရောင်းဆိုင် ၇၂ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် အရောင်းဆိုင် ၃၈ ဆိုင်နှင့် နေပြည်တော်တွင် အရောင်းဆိုင် ၈ ဆိုင် တို့တွင် သတ်မှတ်စျေးနှုန်းများဖြင့် ရောင်းချဆောင်ရွက်လျက် ရှိပါသည်။

        မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများအား လေ့လာရာတွင် ဟားခါးမြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၉၀၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလံလျှင် ၈၆၀၀ ကျပ်၊ ကလေးမြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၉၀၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင် ၉၀၀၀ ကျပ်၊ မုံရွာမြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၈၆၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင် ၈၄၀၀ ကျပ်ဖြင့် အမြင့်ဆုံး ဖြစ်ပေါ် နေပြီး၊ ပုသိမ်မြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၆၄၂၅ ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင် ၆၂၄၅ ကျပ်၊ ပခုက္ကူမြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၅၂၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင် ၅၂၀၀ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေ ကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ စက်သုံးဆီဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်အပတ်ထက် ဓာတ်ဆီ တစ်ဂါလံလျှင် ၈၀ ကျပ်နှင့် ဒီဇယ် တစ်ဂါလံလျှင် ၈၀ ကျပ်သို့ စျေးနှုန်းကျဆင်းခဲ့ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။